ပူတာအိုမြို့နယ် မလိခမြစ်ဘေးရှိ နောင်ခိုင်ကျေးရွာ စက်လှေဂိတ်မှ ဂိတ်မှူးနှစ်ဦးသည် ခရီးသည်များနှင့် စက်လှေမောင်းနှင်သူများအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံနေကြောင်း သိရသည်။

ခရီးစဉ်ပေါ်မူတည်ပြီး ငွေကြေးအတင်းအဓမ္မကောက်ခံနေခြင်းဖြစ်ကာ ခရီးသည်များ၊ စက်လှေမောင်းနှင်သူများနှင့် မကြာခဏ အချင်းများသောကြောင့် ပြေးဆွဲမှုရပ်နားသွားသည့် စက်လှေများပင် ရှိသည်ဟု ဒေသခံ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က ငွေပဲကောက်တာ ငါတို့လှေသမားတွေကို ကောင်းကောင်းမဆက်ဆံဘူး။ ခရီးသည်တွေကိုလည်းအတူတူပဲ။ သူ့ဆီမှာလည်း စက်လှေနှစ်စီးရှိတယ်ပြီးတော့ သူ့လှေတွေက နေ့တိုင်းထွက်တယ်။ ငါတို့ကိုတော့ အလှည့်ကျရင်တောင် အခုနောက်ပိုင်းတော့ ဖုန်းမဆက်ပေးဘူး။ တခါတလေတစ်ပတ်မှ တစ်ကြိမ်လောက်ပဲထွက်ရတယ်။ ငါတို့လှေသမားတွေအားလုံးသူနဲ့ ရန်မဖြစ်ဖူးတာမရှိတော့ဘူး” ဟုပြောသည်။

အဆိုပါစက်လှေဂိတ်တွင် စက်လှေအစီး ၄၀ ကျော်ခန့်အဖွဲ့ဝင်ထားပြီး စက်လှေတစ်စီးလျှင် တစ်နှစ်လိုင်စင်ကြေး တစ်သိန်းဆောင်ရသည့်အပြင် ဒေသအခေါ် ခေါက်ကြေးကိုလည်း ခရီးစဉ်ပေါ်မူတည်ကာ အနည်းဆုံး ငါးထောင်နှင့်အထက် ပေးဆောင်ရကြောင်း သူကပြောသည်။

ဂိတ်မှူးနှစ်ဦးသည် နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြကာ စက်လှေမောင်းနှင်သူများနှင့် ခရီးသည်များအား ကျသင့်သည်ထက် ပိုမိုကာ ငွေကြေးအဓမ္မကောက်ခံနေကြောင်း ရွှေမှော်များတွင် ဈေးရောင်းနေသော ဈေးသည်အမျိုးသမီးတစ်ဦးကပြောသည်။

“သူတို့က နိုင်ငံရေးမကောင်းတာကို အကြောင်းပြပြီး လုပ်ချင်သလိုလုပ်နေတာ။ နေပူထဲမှာ တစ်နေကုန်စောင့်ရတယ်။ ဒါပေမဲ့ ကိုယ့်နောက်မှရောက်တဲ့သူက အရင်လိုက်ရတာမျိုးလည်း ခဏဏကြုံဖူးတယ်။ အော်ဆဲတာကိုလည်း တခါတလေတော့ သူအလုပ်ရှပ်နေလို့နေမှာလို့ နားလည်ပေးတယ်၊ အမြဲတမ်းဆိုတော့မခံနိုင်တော့ဘူး” ဟုပြောသည်။

ငွေကြေးအတင်းအဓမ္မကောက်ခံနေပြီး ရိုင်းစိုင်းစွာပြောဆိုဆက်ဆံနေသောကြောင့် ဂိတ်မှူးနှစ်ဦးအား အဆိုပါဂိတ်မှ ထွက်သွားပေးစေလိုကြောင်း  မကြာခဏ စက်လှေလိုက်ပါစီးနင်းနေသည့် အသက်ငါးဆယ်ကျော်အရွယ် အင်လွယ်ယန်ကျေးရွာမှ အမျိုးသားတစ်ဦးကပြောသည်။

“အဲ့ဂိတ်မှာက အမြဲတမ်း ဆဲခံရတာပဲကြားတယ်။ ငါတို့ သာမန်လူတွေဆို ဆက်ဆံရေးက ပိုဆိုးတယ်။ သူကလှေသမားတွေကို ဆဲနေတာတွေ့ရတော့ ငါတို့လှေစီးရတာလည်း တမျိုးကြီးဖြစ်တယ်။ အခုနောက်ပိုင်းတော့ စက်လှေမစီးချင်တော့ဘူး။ ဘယ်လောက်ခက်ခက် ကုန်းလမ်းပဲသွားတယ်” ဟုပြောသည်။

အင်လွယ်ယန်ကျေးရွာသည် ကုန်းလမ်းခရီးခက်ခဲမှုရှိသောကြောင့် ရေကြောင်းလမ်းကို အဓိက အသုံးပြုနေရကြောင်းကိုလည်း သူကဆက်ပြောသည်။

စက်လှေစီးနင်းသည့် ခရီးသည်များမှာ ခရီးစဉ်ပေါ်မူတည်ကာ အနည်းဆုံးငါးထောင်နှင့် အထက်ပေးဆောင်နေရကြောင်း သိရသည်။

စက်လှေမောင်းနှင်သူများ၊ ခရီးသည်များနှင့် အဆင်မပြေဖြစ်နေသော ဂိတ်မှူးနှစ်ဦးမှာ ဦးကျားခွန် နှင့် ဦးငွါလီရဲ့ ဆိုသူတို့ဖြစ်ကြောင်း နောင်ခိုင်ဒေသခံများထံမှ သိရသည်။

အဆိုပါ ဂိတ်မှူးနှစ်ဦးအား ဆက်သွယ်မေးမြန်းနိုင်ရန် The 74 Media က ကြိုးစားနေဆဲဖြစ်သည်။

အဆိုပါဂိတ်မှူးနှစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်ကာ တရားဝင်လေလံပြိုင်ခြင်းမဟုတ်ဘဲ သက်ဆိုင်ဌာနများကို ငွေကြေးပေးဆောင်ပြီး စက်လှေများကို ဂိတ်ကြေးကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။

နောင်ခိုင်စက်လှေဂိတ်သည် အင်လွယ်ယန်ကျေးရွာ၊ ရှိန်ကိုင်ယာန်ကျေးရွာ၊ နတ်ကျွန်း၊ ကောင်းမူလုံ နှင့် မလိခမြစ်ရှိ ရွှေမှော် စသည့်နေရာများသို့ အဓိကပြေးဆွဲ‌နေကြောင်း သိရသည်။

နောင်ခိုင်ကျေးရွာပါဝင်သော လန်းတောင်ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်ထောင်ခြောက်ရာကျော်ခန့်ရှိပြီး စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေသော ဒေသဖြစ်သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ