ဖားကန့်မြို့နယ်တွင် နှစ်လအတွင်း ပြည်သူ ၁၀ ဦးထပ်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ဖားကန့်မြို့နယ်အတွင်း ပြည်သူပစ်သတ်ခံရမှုများလာသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရပြီး နောက်ဆက်တွဲ ပြဿနာအဖြစ် ဝမ်းရေးဖြေရှင်းမှုအတွက်ပါ ခက်ခဲလာကြောင်း အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စိုးရိမ်တာကတော့ နေ့စဉ်နဲ့ အမျှပဲ။ တစ်ချိန်နဲ့ တစ်ချိန်က ဆိုးရွားလာတာပဲရှိနေတာ။ စိုးရိမ်မှုကတော့ နေ့စဉ်နဲ့ အမျှပဲ ပြောမပြနိုင်လောက်အောင်ပေါ့။ နေ့ရော၊ ညရော အမြဲတမ်းကြောက်နေရတာပေါ့။ ညဆိုလုံးလုံး မထွက်ရတော့ဘူး။ ဝမ်းစာရှာစားဖို့ကလည်း တစ်ရက်ပြီး တစ်ရက်ပိုပြီးခက်ခဲလာတာပေါ့” ဟုပြောသည်။

ကြက်တစ်ကောင်ကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင် နေထိုင်သော အသက် ၄၉ နှစ်ခန့်အရွယ်ရှိ ဦးသန်းစိုးနိုင်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားငါးဦးက နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း အသက် ၄၅ နှစ်အရွယ် ဦးမဲလုံးဆိုသူကိုလည်း  ဖေဖော်ဝါရီ ၆ ရက်နေ့က ကာမိုင်း – လဝါးလမ်းဆုံဂိတ်အဟောင်းတွင် အမည်မသိအမျိုးသားနှစ်ဦးက ပစ်သတ်သွားသည်။

စစ်မှုထမ်းဟောင်းဟုဆိုသည့် အသက် ၄၂ နှစ်ခန့်အရွယ် ဦးသက်ပိုင်နှင့် အသက် ၄၁ နှစ်ခန့်အရွယ် ဦးမင်းစိုးတို့နှစ်ဦးကိုလည်း ဇန်နဝါရီလ ၃၀ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သတ်ခဲ့သည်။

လုံးခင်းကျေးရွာအဝင်ရှိ ရေတွင်းဟောင်းအနီးတွင်လည်း ဇန်နဝါရီလ ၂၂ ရက်နေ့က အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားနှစ်ဦးကိုလည်း အမည်မသိအဖွဲ့တစ်ဖွဲ့က ပစ်သတ်ခဲ့ပြီး တရားမဝင်ပြည့်တန်ဆာခန်းလုပ်ငန်း လုပ်ကိုင်နေသူ အသက် ၄၇ နှစ်ခန့်အရွယ်ရှိ ကိုဝင်းကို ဆိုသူကိုလည်း ဇန်နဝါရီ ၁၈ ရက်နေ့က မရှီကထောင်ရပ်ကွက်တွင် အမည်မသိအဖွဲ့အစည်းက လာရောက်ပစ်သတ်သွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ကလည်း မှော်စီစာကျေးရွာတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်ကျော်မြင့်ဆိုသူကို ပစ်သတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်ခံခဲ့ရသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က လင်မယားချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ဆောင်းဆွေ (ခ) မိုင်းမိုင်ဆိုသူကို ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည်။

လူသတ်မှုများအပြင် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀၀ ကျော်ခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူများကိုလည်း ငွေကြေးဖြင့် လာရောက်ရွေးယူခိုင်းကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တချို့ကလည်း ငွေတွေနဲ့ရွေးခိုင်းတယ်။ တချို့ကတော့ အုပ်ချုပ်ရေးတွေနဲ့ အာမခံပြီး ပြန်လွတ်တယ်လို့ သိရတယ်။ ဖြစ်စဉ်တွေကအတူတူပဲ ရေမဆေးတွေ ဖမ်းပြီဆိုငွေနဲ့ ပြန်ရွေးခိုင်းတာတွေရှိတယ်။ အဲ့ဒါတွေကလည်း တချို့တဝက်တွေ ပြန်လွတ်တယ်။ လူသားဒိုင်းကာအနေနဲ့ ပြည်သူတွေကို ဒုက္ခပေးဖို့ သက်သက်ကြီးကို လုပ်နေတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအချို့တွင် တပ်စွဲထားပြီး ပြည်သူများကိုလည်း အဆိုပါကုမ္ပဏီများတွင် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှသိရသည်။

စပျစ်ကူးကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၇ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ဒေသခံပြည်သူ ၇၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး မတ်လ ၁ ရက်နေ့က ပြည်သူ ၂၀ ခန့်ကို ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ကာ ကျင်းသား ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး မော်မောင်းလယန်ကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်တစ်ခုအနီးတွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို ကေအိုင်အေနှင့် အဆက်အသွယ်ရှိသည်ဟုစွပ်စွဲကာ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၁၁ ရက်နေ့က ဆိုင်းရာရွာသစ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးနှင့် ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

ယခုဖော်ပြထားသော သတင်းအချက်အလက်များမှာ The 74 Media က ရရှိထားသော အချက်အလက်များကို ကိုးကားကာ ရေးသားထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထပ်ပိုမို များပြားနိုင်သည်။

ဖားကန့်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ ပြည်သူများကို ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေပြီး ယမန်နေ့တွင်လည်း ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာအတွင်း တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုများပြုလုပ်ပြီး ပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သဖြင့် သေဆုံးခဲ့သူ။

သင့်ထင်မြင်ချက်ရေးပေးပါ