ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဒေသအခေါ် ကောက်ကောက်စခန်းအနီးရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ (၁၃၅)၊ ခလရ (၅၄) နှင့် အမြောက်တပ်အမှတ် (၃၆၀)တို့ အခြေစိုက်ထားသည့် တောင်ကုန်းပွိုင့်အမှတ် (၁၄၄၁) စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်နီတပ်မတော် (KA) ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့သွားတိုက်တဲ့စခန်းက ပွိုင့်တစ်လေးလေးတစ်ဆိုတဲ့စခန်းက စခန်းနှစ်ခုရှိတယ်။ သူတို့ခေါ်တာက လက်နက်ကြီးကုန်းပေါ့ အဲ့လိုခေါ်ကြတယ်။ လက်နက်ကြီးထားဆိုတာက ၁၂၀ လက်နက်ကြီးတွေလိုမျိုးပေါ့။ စစ်ဂျက်လေယာဉ်တွေလာပြီး တစ်စီးကို သုံးခေါက်လောက်လာပြီး ပစ်ချသွားတာပေါ့။ အဲ့ချိန်မှာ ကျွန်တော်တို့လူ အချို့တွေ ထိသွားတာ‌ပေါ့” ဟု ပြောသည်။

လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒုတိယစခန်းကို ဆက်လက်သိမ်းပိုက်နိုင်ရန် တိုက်ပွဲဝင်နေစဉ် တိုက်လေယာဉ်ငါးစီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သူက ပြောသည်။

အဆိုပါ စစ်ကောင်စီစခန်းများအနီးတွင် ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်ခဲ့ရသည့်အတွက် ပြည်သူများ သွားလာလှုပ်ရှားခြင်းမရှိတော့သည့် နေရာများဖြစ်သည်ဟု သူက ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ကရင်နီတပ်မတော်မှရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၅ ဦးထက်မနည်းရှိကြောင်း သူက ဆက်ပြောသည်။

ကျဆုံးသွားသော ကရင်နီတပ်မတော်မှ ရဲဘော်များ မည်သူမည်ဝါဖြစ်ကြောင်းကို The 74 Media က အတည်မပြုနိုင်သေးပါ။

စစ်ကောင်စီစခန်းကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ တစ်လက်၊ ၉၀ မမ တစ်လက်၊ အာပီဂျီ-၇ တစ်လက်၊ စစ်ရေးအခေါ် ငါးကြင်းမြီးစက်လက် တစ်လက်၊ MA 2 သေနတ် သုံးလက်၊ MA 4 သေနတ် တစ်လက် အမည်မသိ အခြားလက်နက် ၂ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ နှင့်ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နယ်တွင် တိုက်ပွဲပေါင်း ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း ကရင်နီတပ်မတော် (KA) ၏ စစ်သတင်းမှတ်တမ်းများအရ သိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – ကရင်နီတပ်မတော် (KA)

သင့်ထင်မြင်ချက်ရေးပေးပါ