စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။

ကုန်းရွာနှင့် စားတော်ပြင်ရွာအကြားရှိ ဒေသအခေါ် အမေရေယာဉ်နတ်နန်းအနီးတွင် ၂ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျောက်လုံးကြီးကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူကိုအေတီက The 74 Media ကိုပြောသည်။

“ကုန်းရွာကိုမီးရှို့ပြီးထွက်လာတဲ့လမ်းကို ကျွန်တော်တို့အပိုင်စောင့်ပြီးတော့ မီတာ ၁၀၀ အကွာမှာ သူတို့နဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လေယာဉ်နဲ့ကျွန်တော်တို့ကိုလာပစ်တဲ့နောက် အပေါ်မှာဝဲနေပြီး အလောင်းနဲ့ လူနာတစ်ချို့ကို မြို့ထဲကိုပြန်သယ်သွားတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) က Mi -35 အမျိုးအစား တိုက်လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာကို လာရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၄၀ ခန့်အကြာပျံဝဲခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်က ၁၂၀ မမဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရဲဘော်တစ်ဦး ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သားများအသုံးပြုထားသည့် ဆေးထိုးအပ်များနှင့် သွေးစွန်းနေသည့်အဝတ်စများကို တွေ့ရှိခဲ့ကြောင်း ငါးနန်းကျေးရွာဒေသခံ ကိုအညာသားကပြောသည်။

“အလောင်းတွေကို ရွာအပြင်ကတောတဲနှစ်လုံးထဲမှာမီးရှို့ထားခဲ့တာလေ။ မီးအကုန်မလောင်သေးတော့ အလောင်းကိုလည်းတွေ့ခဲ့တယ်။ ဆေးထိုးအပ်တွေလည်းတွေ့ခဲ့တယ်။ သူတို့လူ တွေပဲဖြစ်နိုင်တယ်” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကျောက်လုံးကြီး KLG PDF၊ ULF (မဟာမိတ်တပ်ပေါင်းစုမှ) အဖွဲ့ဝင်များဖြစ်ကြသော DBTF၊ Alpha Special Force၊ Truth Of Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local (PDF)၊ Triple Two၊ ရိုးမဖိုက်တာတပ်ရင်း(ဗိုလ်မုတ်ဆိတ်တပ်ခွဲ)၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်းတိုက်ဂါး Force၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ GZ 21(Yinmarbin)၊ Yinmarbin PDA၊ B 21 (PDF)၊ MRDA တပ်ရင်း (Double K) တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၁၂၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့တို့တွင် ကုန်းရွာကို နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်အလုံး ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာအနောက်ရှိ ရေထွက်ရိုးတောတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းရွာသည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၉၅၀ ခန့်ရှိပြီး လူဦးရေ လေးထောင်ကျော်ခန့် နေထိုင်ကြောင်း သိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ