စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာသို့ သွားရောက်ကင်းထောက်သည့် CDF – KKG တပ်ဖွဲ့ဝင်တစ်ဦး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကလေးမြို့တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဇလပ်ရပ်ကွက် ခရိုင်ဆည်မြောင်းရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ရန် ကင်းထောက်လှမ်းစဉ် ပစ်သတ်ခံခဲ့ရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ကပြောသည်။

“KKG က ကလေးနှစ်ယောက်က လက်နက်မပါဘဲ အရပ်ဝတ် ဆိုင်ကယ်နဲ့ ကင်းသွားထောက်တာမှာ စကစ(စစ်ကောင်စီ)ဘက်က ကင်းရှည်နဲ့သွားတွေ့တော့တာပါ။ ကင်းကလှမ်းတားတာကို မရပ်လို့ စကစက ဝိုင်းပစ်တော့တာပေါ့။ တစ်ယောက်က ဗိုက်ပွင့်သွားပြီး သေသွားတယ်။ တစ်ယောက်က ခြေထောက် ဖြတ်ပစ်ရမှာ” ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပစ်ခတ်ခံခဲ့ရသူနှစ်ဦးမှာ Chinland Defense Force Kalay – Kabaw – Gangaw(CDF – KKG) တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ယောက်ကတော့ ချက်ချင်းသေသွားတယ်တဲ့။ တစ်ယောက်ကတော့ ခြေတောက်မှန်သွားတယ်တဲ့။ တစ်ဖက်ကလည်းဟိုဘက်ကို ကင်းထောက် ကိုယ့်ဘက်ကလည်းဒီဘက်ကို ကင်းထောက်နေတဲ့အချိန် ဖြစ်သွားတာ” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင် CNDF တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Chinland Defense Force, kalay-kabaw- Gangaw

သင့်ထင်မြင်ချက်ရေးပေးပါ