စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းကို ယမန်နေ့ နံနက် လေးနာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင် သုံးဆယ်ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။

ချပ်ကြီးကျေးရွာ စာသင်ကျောင်းတွင် အထိုင်ချထားသည့် ပျူစောထီးစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၂) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ပျူတွေသေတယ်။ တိုက်ပွဲပြီးတော့ လက်နက်တွေဘာတွေ သိမ်းပြီးတော့ ဆုတ်ပြေးလာခဲ့တာ။ အဲ့မှာထိုင်တာ သုံးဆယ်ကျော်၊ လေးဆယ်ကျော်လောက်ရှိတယ်။ အကုန်နီးပါးသေတာ။ စစ်ကောင်စီက လေး၊ ငါး၊ ဆယ်ယောက်ပဲရှိတယ်။ ကျန်တာက ပျူစောထီး” ဟုပြောသည်။

ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် လေးနာရီခန့်အကြာတွင် မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသည့် Mi-35 ရဟတ်ယာဉ်မှာ ချပ်ကြီးကျေးရွာအနီးတဝိုက်တွင် လာရောက်ပစ်ခတ်ခဲ့ကြောင်း မြေပြင်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ပြီး မနက် ၈ နာရီလောက်ကျတော့ မုံရွာနမခ(အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကတက်လာတဲ့ MI 35 နဲ့လာပစ်တယ်။ ပြီးတော့ ၆၀၀၆ (ကန့်ဘလူအမြောက်တပ်) ကနေပြီး လူကိုသယ်လာပြီး ချပ်ကြီးဘောလုံးကွင်းထဲ လာချတယ်။ လူလည်းချတယ်၊ ပစ်လည်းပစ်တယ်” ဟုပြောသည်။

တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်၂ ဦး မစိုးရိမ်ရဒဏ်ရာများရခဲ့ပြီး ကာဘိုင်သေနတ်၊ ရှော့ဂန်းသေနတ် နှင့် MA 1 အမျိုးအစားသေနတ် ၁၅ လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခြင်းရှိ၊ မရှိကိုမူ The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ချပ်ကြီးကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး ကျေးရွာဒေသခံအများစုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယအပတ်ကစပြီး ကျေးရွာတွင်နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကန့်ဘလူမြို့နယ်၊ တရော်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီခြေလျင်တပ်ရင်း (ခမရ- ၃၆၃)နှင့် ပျူစောထီးပူးပေါင်းအဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ကန့်ဘလူခရိုင် တပ်ရင်း (၂) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ