မိုးကောင်းမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ဆိုင်ခန်းအခွန်ခများကို နှစ်နှစ်စာ စုပေါင်းပေးဆောင်ရန် ဖိအားပေးမှုများရှိနေသောကြောင့် ဈေးသည်များအခက်အခဲဖြစ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာရေးရုံးဝန်ထမ်းများက ဖေဖော်ဝါရီလ၂၁ ရက်နေ့မှစတင်ဖိအားပေးတောင်းခံနေခြင်းဖြစ်သည်ဟု အသက် ၄၀ ဝန်းကျင်အရွယ် ဈေးရောင်းသူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ယောက်ပြီး တစ်ယောက် ခေါ်ခေါ်ပြီးပြောနေတာ။ ရတဲ့သူကို ရသလိုဆောင်ခိုင်းတာပေါ့။ တချို့ကိုကျတော့လည်း ဒီနေ့အပြီးဆောင်၊ တကယ်လို့ မဆောင်နိုင်လို့ကျန်သေးရင် မနက်ဖြန်အပြီးဆောင်ဆိုပြီး ဆောင်လိုက်ရတာတွေရှိတယ်” ဟုပြောသည်။

၂၀၂၀ ခုနှစ် ကိုဗစ်ကာလမှစတင်ပီး ပေးရန်ကျန်ရှိသည့် ဆိုင်ခန်းအခွန်ခများအပါအဝင် အာဏာသိမ်းကာလအတွင်း ပေးဆောင်ရမည့် အခွန်ခများကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး စုပေါင်းပေးဆောင်ရမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ကိုဗစ်တုန်းက ဆိုင်မဖွင့်ဘူးဆိုပေမယ့် ဈေးကတော့ ဖွင့်ထားတယ်ပေါ့နော်။ ကိုယ့်ဟာကိုယ် မဖွင့်တဲ့အတွက် သူကကင်းလွတ်ခွင့်တော့ နှစ်လပေးမယ်ပြောတယ်။ ဒါပေမဲ့ တကယ်ကောက်မယ့်၊ စာရင်းတွက်တဲ့အချိန် အဲ့နှစ်လစာပါ၊ မပါ မသိဘူးပေါ့နော်” ဟုပြောသည်။

အရောင်းအဝယ်ပါးပြီး ကုန်ဈေးနှုန်းများ မြှင့်တက်သည့်ကာလတွင် ယခုကဲ့သို့ အခွန်ခများကိုအလုံးအရင်း ပေးဆောင်ရန်ခက်ခဲကြောင်း အထည်အလိပ်ရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းကတက်၊ ဈေးကရောင်းမကောင်းနဲ့။  ဆိုင်ခန်းခတွေကို အတင်းအဓမ္မဆောင်ခိုင်းနေတော့ ဈေးသည်တွေ တော်တော်အခက်တွေ့နေကြပြီ။ ဆန်ဈေး၊ ဆီဈေးတွေကတက် စားဝတ်နေရေး အစစအရာရာအားလုံး လူတွေကအဆင်မပြေကြဘူးလေ” ဟုပြောသည်။

ပေးဆောင်ရမည့် အခွန်ခများကို နှစ်လ (သို့) သုံးလတစ်ဖြတ် ပေးဆောင်ခွင့်ရလျှင် အဆင်ပြေနိုင်ကြောင်း သူကဆက်ပြောသည်။

ဆိုင်ခန်းများ၏ တည်နေရာ အနေအထားအလိုက် ၁၀ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ်တစ်သောင်းကျပ်နှင့် ခုနှစ်ထောင်ကျပ်၊ ၆ ပေဝန်းကျင်တစ်ခန်းလျှင် ခြောက်ထောင်ကျပ်  အခွန်ပေးဆောင်ရကြောင်း သိရသည်။

မိုးကောင်းစည်ပင်သာယာဈေးသည် ဈေးကုန်းရပ်ကွက်တွင်တည်ရှိပြီး ဆိုင်ခန်းပေါင်း ၉၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ စတင်ပြီး မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဝန်ထမ်းများနှင့် လျှပ်စစ်မီတာရုံးဝန်ထမ်းများက အခွန်အခများ အတင်းအကြပ် အခွန်ကောက်ခံနေကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ