ကင်းလှည့်လာသည့် စစ်ကောင်စီရဲကားကို မိုင်းခွဲတိုက်ခိုက်ရန်ပြင်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်တွင် ယမန်နေ့ ည ၈နာရီခန့်က ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု Indaw Revolution IR ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“ညက မြို့ထဲမိုင်းထောင်တာ မတော်တဆမှုကြောင့် ၂ယောက်သေတယ်။ အသားစတွေကို မွထွက်သွားတာတဲ့။ အဲ့မော်တော်ပီကယ်(ယာဉ်ထိန်းရဲ) ထိုင်တဲ့နေရာမှာ ထောင်တာနဲ့ကွဲတာ” ဟုပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်သံများကြားရပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်နှစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လာရောက်သယ်ဆောင်သွားကြောင်း အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီး သေနတ်တွေ ဖောက်တယ်။ စစ်ဆေးတာ ဘာညာတော့မရှိဘူး။ ခုမနက်ကျတော့ ရဲတွေအသားစလိုက်ကောက်နေတာ။ ကောက်နေရင်းတန်းလန်းလည်း လူငယ်နှစ်ယောက်ဖမ်းခံလိုက်ရတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်အမျိုးသားနှစ်ဦးမှာ ကျော်ရွာကျေးရွာမှ ဒေသခံများဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အတွင်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရေးပိုမိုတင်းကြပ်စွာ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါလ ၇ ရက်နေ့က တောထဲမှ မီးသွေးဖုတ်ပြီး ပြန်လာသည့် ကမ်းနီကျေးရွာမှ အမျိုးသားတစ်ဦးကို PDF ဟုစွပ်စွဲဖမ်းဆီးပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်းသိရသည်။

သတင်း – Yu San

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ