ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယမန်နေ့ ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦးကို အမည်မသိလူလေးဦးက လူမှားပြီး ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ဖြင့် နေအိမ်ပြန်လာသော အမျိုးသားကို အမည်မသိ လူငယ်လေးဦးက ဝိုင်းမော်မြို့ ရပ်ကွက် (၅) လမ်းသွယ် (၁၆) တွင် ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ခေါင်းကတော့ ဓါးနဲ့ခုတ်တဲ့ဒဏ်ရာက ၄ လက်မလောက်တော့ ပေါက်သွားတာပေါ့။ သူက အိမ်ပြန်တယ်ပြောတယ်။ ရိုက်ခံရတဲ့သူရဲ့ အိမ်ကလည်း အဲ့နားလေးမှာပဲ ဟုတ်တယ်” ဟု ပြောသည်။

ဓားခုတ်မှု ကျူးလွန်သူများသည် လူမှားခုတ်မိခြင်းဖြစ်ပြီး ကျူးလွန်သူများကို အုပ်ချုပ်ရေးဆိုင်ရာလူကြီးများက ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

“မှားရိုက်မိတော့ လက်လွန်သွားတာ၊ နောက်မှ ရပ်ကွက်လူကြီးတွေ ရဲတွေလာဆွဲတားတာ။ ကျွန်တော့် အိမ်နားမှာဖြစ်သွားတာ။ လူမှားသွားပြီးတော့ ကချင်ကောင်တွေထင်ပြီး မှားပြီး ပိတ်ရိုက်ခွဲပြီး လက်လွန်သွားတာတဲ့။ အခုပြန်လွတ်ပေးလိုက်ပြီ သူတို့ကို။ နောက်တစ်ခါဆိုရင်တဲ့ ဝိုင်းမော်က နှင်ထုတ်မှာတဲ့ ရွာလူကြီးက သတိပေးလိုက်ပြီ မဖမ်းတော့ဘူး” ဟု ဆိုသည်။

ဓားခုတ်ခံရသော လူငယ်အမျိုးသားမှာ အသက် ၂၂ နှစ်အရွယ် ကိုမြင့်ဦးဟုခေါ်ပြီး ဦးခေါင်းတွင် ၄ လက်မခန့် ဓားဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်မှု မရှိကြောင်း သူက ဆက်ပြောသည်။

လူမှားကာ ဓားခုတ်မှုကျူးလွန်ခဲ့သော လူငယ်များသည် အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ်များဖြစ်ကြပြီး ဝိုင်းမော်မြို့ ရပ်ကွက် ၅ တွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဓားခုတ်မှုကျူးလွန်ခဲ့သော လူငယ်များကို ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာလူကြီးများက နှစ်ဦးသဘောတူ ဖြေရှင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် အောင်မြင်သာအပန်းဖြေစခန်းမှ ပြန်လာသည့် လူငယ်သုံးဦး အုပ်စုဖွဲ့ဝိုင်းရိုက်ခံရသဖြင့် နှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ