ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မုတ်လွဲကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀ နာရီခန့်က ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မုတ်လွဲကျေးရွာ အဒေသအခေါ် တံတားဖြူအနီးတွင် ကားအရှိန်လွန်ကာ တိမ်းမှောက်မှုဖြစ်ပြီး ယာဉ်မောင်းအမျိုးသားသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့ဟာသူ အရှိန်လွန်ပြီးမှောက်သွားတာ။ လူက ခေါင်းထိခိုက်ဒဏ်ရာနဲ့ သေသွားတယ်။ ကားက သုံးလေးပတ်လောက် လိမ့်သွားတယ်လို့ပြောတယ်။ အဲ့နားလေးက ယာဉ်တိုက်မှုရော၊ ကားမှောက်တာတွေရော မကြာမကြာဖြစ်တတ်တယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့နေရာပေါ့လေနော်” ဟု ပြောသည်။

သေဆုံးသွားသော အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ် ကိုအောင်ဇော်ဝင်းဆိုသူဖြစ်ပြီး မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ – ၅ တွင် နေထိုင်ကြောင်း သိရသည်။

အလားတူ မိုးကောင်းမြို့နယ်၊ နမ္မတီး – တနိုင်းလမ်းရှိ ဒေသအခေါ် မကောက်ဇွပ်တောင်အဆင်းတွင် ယမန်နေ့ နံနက်ပိုင်းက ဆိုင်ကယ်ချင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသားတစ်ဦး ဘယ်ဘက်ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုတလော ယာဉ်တိုက်မှု အရမ်းဖြစ်နေတယ်။ ဆိုင်ကယ်က မျက်နှာချင်းဆိုင်တိုက်မိတာထင်တယ်။ တစ်ယောက်က မြစ်ကြီးနားကို ပြန်တာတဲ့။ တစ်ယောက်က ဆိုင်ကယ်ကယ်ရီဆွဲတာ လဝါးကိုပြန်တာတဲ့ မျက်နှာချင်းဆိုင်တိုက်မိတာ မကောက်ဇွပ်တောင် အဆင်းနားမှာပေါ့။ လဝါးကိုသွားတဲ့အကိုက ဘယ်ဘက်လက်လည်း လှုပ်လို့မရဘူးပြောတယ်။ ဘယ်ဘက်ခြေထောက်လဲ ကျိုးသွားတယ်။ တစ်ယောက်က ဘယ်ဘက်ခြေထောက်မှာ ထိသွားတယ်” ဟုပြောသည်။

ထို့အပြင် နမ္မတီး – မြစ်ကြီးနားလမ်းရှိ ဒေသအခေါ် ကျောက်တောင်အဆင်းတွင် ယမန်နေ့ ညနေပိုင်းက အမျိုးသမီးနှစ်ဦး ကားတိမ်းရှောင်ရာမှ အရှိန်လွန်ကာ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး လက်ကျိုးခဲ့ပြီး တစ်ဦးမှာ လက်တွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မကောက်ဇွပ်တောင်အဆင်းယာဉ်တိုက်မှုတွင် ဒဏ်ရာရသူအမျိုးသားနှစ်ဦးကို မိုးကောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျောက်တောင်အဆင်းဆိုင်ကယ်တိမ်းမှောက်မှုတွင် ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦးကို နမ္မတီးမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေ ကက်သလစ်ဘုရားကျောင်းရှေ့တွင် အမှိုက်သယ်စည်ပင်သာယာကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား သေဆုံးခဲ့သည်။

သတင်း – Ma Di ၊ Pan Soon

ဓါတ်ပုံ – နာရေးကူညီမှုအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ