စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကလေးသူငယ်တစ်ဦးအပါအဝင် ချောင်းဦးဒေသခံနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ခဲ့သောကြောင့် ယနေ့ နံနက် ၈ နာရီခွဲခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ယောက်လက်မောင်းမှာထိပြီး ပျက်သွားပြီးတော့ သွေးထွက်လွန်ပြီး ရွာထဲမှာသေသွားတယ်။ အလောင်းတောင် သွားယူလို့မရသေးဘူး။ ကလေးတစ်ယောက်လည်းသေသွားတယ်။ သူက ဂျိုင်းနဲ့ ရင်အုံမှာထိပြီး ဆေးရုံရောက်တော့ သေသွားတာ” ဟု ပြောသည်။

သေဆုံးသွားသော အမျိုးသမီးမှာ အသက် ၅၀ ကျော်ခန့်အရွယ် မစန်းကြည်နှင့် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို မုံရွာဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ချောင်းဦးမြို့နယ်သို့ ယနေ့ နံနက် ၇ နာရီခွဲခန့်က လူအင်အား ၁၀၀ ကျော်ဖြင့် မိုင်းရှင်းလင်းရေးပြုလုပ်နေချိန် ခင်မွန်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသောကြောင့် လက်နက်ကြီးပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု အခြားသော ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူတွေကတော့ အကုန်ရှောင်လိုက်ရတာပေါ့။ မနက်က ရွာရဲ့ အရှေ့ဘက်ကနေရော အနောက်ဘက်ကနေ‌ရော နှစ်ကြောင်းခွဲပြီးတော့ ဘယ်ညာပေါ့ဗျာ။ မိုင်းရှင်းလင်းရေးပုံစံနဲ့ ဝင်လာတော့ သူတို့တွေ မိုင်းကွင်းထဲရောက်လာကြတာလေ။ အဲ့ချိန် ဒေသခံကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲလိုက်တော့ မိုင်းဆွဲခံလိုက်ရတာပေါ့” ဟု ပြောသည်။

ခင်မွန်ကျေးရွာ၏ မြောက်ဘက်ခြမ်းရှိ ဒေသခံများ၏နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခံခဲ့ရသည့် နေအိမ်စုစုပေါင်းအရေအတွက်နှင့် မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးမှုစာရင်းကိုမူ မသိရှိရသေးပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ ညက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က ချောင်းမြို့နယ် အင်းမကျေးရွာနှင့် ကင်မွန်းတော်ကျေးရွာကြားရှိ ကွမ်းခြံ ဧက ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ခင်မွန်ကျေးရွာတွင် အိမ်ထောင်စုအရေအတွက် နှစ်ထောင်ခန့် နှင့် လူဦးရေစုစုပေါင်း ရှစ်ထောင်ခန့် နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – Chaung Oo Revolution

သင့်ထင်မြင်ချက်ရေးပေးပါ