ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် ပြည်သူ ၁၃၀ ခန့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

အသက်မပြည်သူများနှင့် သက်ကြီးရွယ်အိုများမှာ မတ်လ ၁ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီး ကျန်လူငယ်များကို ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်က ပြန်လွတ်လာခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အသက်ကြီးပိုင်းနဲ့ အသက် (၁၈) နှစ်မပြည့်သေးတဲ့သူတွေကို လွတ်ပေးလာခဲ့တာ။ လူငယ်ပိုင်းလေးတွေတော့ ပြန်လွတ်ပေးဖိုကိုလည်း ရပ်ကွက်လူကြီးတွေနဲ့ သွားညှိတော့ မှတ်ပုံတင်ပြပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်။ ပြီးမှ အကုန်ပြန်လွတ်ပေးခဲ့တယ်” ဟုသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသူများကို ဆန်းကြွယ်ကျေးရွာ ဘုရားကုန်းအနီးရှိ ရတနာမိုးမြေကုမ္ပဏီအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ပြီး ဖေဖော်ဝါရီလ (၂၈) ရက်နေ့က စပျစ်ကူးကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေအခြားဒေသခံတစ်ဦက ပြောသည်။

“ငါတို့ကိုဘယ်သူတိုက်တာလည်းပေါ့ မသင်္ကာတဲ့သူတွေကိုလိုက်ရှာတာပေါ့။ အရင်ကလည်း ဒီရွာက PDFနဲ့ KIA ရှိတယ်ဆိုပြီး သတင်းထွက်ထားတယ်လေ။ လူငယ်ပိုင်းတွေကို ပိုစစ်ပိုမေးတာပေါ့။ ရိုက်နက်တာမျိုးတော့ မရှိဘူးပြောတယ်” ဟုသူကပြောသည်။

ဖမ်းဆီးထားချိန်တွင် လူကြီး၊ လူငယ်နှင့် အသက်မပြည့်သေးသည့် ကလေးများကို အုပ်စုလိုက်ခွဲထားပြီး နိုင်ငံတော်ပုန်ကန်ရေး မလုပ်ရန်ပြောပြီး ကေအိုင်အေ PDF များနှင့် ချိတ်ဆက်မှုရှိ၊ မရှိမှုများကို မေးမြန်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က ရှရောခကျေးရွာရှိ နေအိမ်တံခါးများကိုဖျက်ဆီးကာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တာဝန်အရဖမ်းဆီးခြင်းဖြစ်သည်ဟုပြောခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

“အိမ်ထဲတံခါးပိတ်ပြီး နေနေတာတောင် တံခါးကိုကန်ဖွင့်ပြီးဝင်လာတာ။ သူတိုခေါ်တော့လည်း လိုက်သွားရတာပေါ့။ ပြေးလို့လည်းမလွတ်ဘူးလေ အဲ့ရောက်တော့ပြောပါတယ် အထက်က လုပ်ခိုင်းလိုက်လိုပါတဲ့ နေတာကတော့ အကုန်စုနေရတာ” ဟုသူကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်များကို ယနေ့နံနက်ပိုင်း ပြန်လည်မလွတ်မြောက်မှီအချိန်က နေပူထဲ ပုံစံထိုင်ခိုင်းထားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖားကန့်မြို အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မတ်လ (၁) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင် လိုက်လံစစ်ဆေးကာ ဒေသခံပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့ ရှရော်ခကျေးရွာ၊ မဲ့လင်ချောင်ကျေးရွာ၊ မှော်မောင်းလျှံကျေးရွာနှင့် ဘလခမှော်တို့တွင် လှည့်လည်သွားလာနေသော စစ်ကောင်စီ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် မနကျေးရွာနှင့် စပျစ်ကူးကျေးရွာတို့မှ ဒေသခံပြည်သူ ၇၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်း – SK

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ