မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့ည ၈ နာရီခန့်က ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူငယ်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေလမ်းမကြီး လမ်းသွယ် (၁)တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှ တစ်ဦးမှာ ဆေးရုံရောက်ရှိချိန်တွင် သွေးအန်သောကြောင့် အခြေအနေစိုးရိမ်ရသည်ဟု မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ခံရတဲ့သူတွေလဲ လူငယ်တွေပဲ ထိခိုက်ဒဏ်ရာတော့ရကြတယ်။ ဒါပေမဲ့အခြေအနေဆိုးတာက ဆိုင်ကယ်မောင်းတဲ့သူဟုတ်တယ် နဖူးပေါက်သွားတယ်။ ကျွန်တော်တို့လည်း မြစ်ကြီးနားဆေးရုံကြီးမှာ ပို့ထားပြီ” ဟုသူကပြောသည်။

အခြေအနေစိုးရိမ်ရသူမှာ အသက် ၁၉ နှစ်ခန့်အရွယ်ရှိသည့် မောင်ကျန်းဇုန်းဆိုသူဖြစ်ပြီး အထက်မော်ဖောင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ အချက်ပြမီး မပြဘဲကွေ့နေသည့်ဆိုင်ကယ်ကို လူငယ်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“သူတို့သုံးယောက်ဆိုင်ကယ်အတူစီးပြီးသွားတာ ရှေ့ကလူနှစ်ဦးက ဂငယ်ကွေ့ ကွေ့လိုက်တာတဲ့၊ ဒါကြောင့် အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာ” ဟုသူကပြောသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျန်လေးဦးမှာလည်း အသက် ၂၀ နှစ်ခန့်အရွယ်ရှိ လူငယ်ယောကျ်ားလေးများဖြစ်ပြီး မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် ပေးဆပ်သူ လူမှုကူညီကယ်ဆယ်ရေးအသင်းက သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမကြီးရှိ AG ကျမ်းစာသင်ကျောင်းအနီးတွင်လည်း ယနေ့ည ၈ နာရီခန့်က ကားနှင့် ဆိုက်ကယ်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်တစ်ရက်အတွင်း ဆိုင်ကယ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေ ဈေးအနီးတွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် အမျိုးသားတစ်ဦး ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ ကချင်ပြည်နယ်/ မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ