အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ခန့်အပ်ထားသည့် မြောင်မြို့နယ်၊ မြို့မတိုက်နယ်အုပ်ချုပ်ရေးတာဝန်ခံကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ကျေးရွာတစ်ရွာမှလာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး အသတ်ခံလိုက်ရခြင်းဖြစ်နိုင်သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကနေပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာပေါ့။ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုကနေပြီး ခေါ်သွားပြီး သတ်ပစ်တယ်လို့သတင်းရတယ်ဗျ။ ခုချိန်ထိတော့ အလောင်းမရသေးဘူး” ဟုပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုဖိုးထောင်ဆိုသူဖြစ်ပြီး မြို့မတိုက်နယ် အုပ်ချုပ်ရေး တာဝန်ခံတစ်ဦးဖြစ်သည့်အပြင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံလည်းဖြစ်ကြောင်း သူကဆက်ပြောသည်။

သွေးကွက်များပေနေသည့် ကိုဖိုးထောင်၏ ဖိနပ်ကို မြင်းခြံမြို့နယ်နှင့် နယ်နမိတ်ခြင်းထိစပ်နေသည့် ဧရာဝတီမြစ်ကမ်းနဘေးတွင် တွေ့မြင်ခဲ့ရပြီး မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ)က နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များကို စစ်ဆေးမှုပြုလုပ်နေကြောင်း မြောင်မြို့နယ်မှ အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ဖြစ်စဉ်ကတော့ ညမှာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ဝင်က ခေါ်သွားတယ်လို့ကြားတယ်။ ဒီကိစ္စကို မြို့နယ်ပလဖကနေပြီး ရဲပေါ့နော် နီးစပ်ရာတွေကိုခေါ်ပြီး စစ်ဆေးမေးမြန်းနေတယ်။ သဲလွန်စတွေအနေနဲ့ ဖိနပ်မှာ သွေးကွက်တွေ့တယ်။ ဧရာဝတီမြစ်ဘေးမှာတွေ့တာ” ဟုပြောသည်။

ပျောက်ဆုံးနေသူ ကိုဖိုးထောင်သည် စစ်ဘေးရှောင်ပြည်သူ၏ စားဝတ်နေရေးအတွက် ကူညီနေသူ တစ်ဦးလည်းဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခံရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယူဆထားကြောင်း မြောင်မြို့နယ်အတွင်းရှိ အခြားတော်လှန်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒဲ့ပြောမယ်ဗျာ အချင်းချင်းလုပ်ကြံမှုဖြစ်တာ လုပ်ကြံမှုဖြစ်ပြီးနာမည်မပေါ်တာ စစ်ကောင်စီတော့မဟုတ်ဘူး။ စစ်ဘေးရှောင်တဲ့ထဲမှာနေတယ် သောက်သုံးရေရရှိရေးဆိုပြီး ရေတွင်းတွေတူးတယ်ပေါ့နော်။ အဲ့ဒီလို ရေတွင်းတွေ တူးတဲ့အချိန်မှာ တချို့လူတစ်စုနဲ့ အဆင်မပြေမှုတွေလည်းရှိတယ်။ ပျောက်ဆုံးတာကနေပြီးတော့ ရှင်းလင်းခံရတယ်၊ လုပ်ကြံခံလိုက်ရတယ်ဆိုပြီး တထစ်ချယုံကြည်လိုက်ပြီပေါ့နော်” ဟုပြောသည်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး The74 Media က အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကို ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ရွှေပန်းတိုက်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် အချင်းချင်း သေနတ်ဝယ်ပေးမည်ဟုဆိုကာ ငွေးကြေးလိမ်လည်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ –  ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ