ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ မှော်ရှန်ရပ်ကွက်တွင် ယမန်နေ့ ညနေ ခြောက်နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

ဝင်းမေတ္တာကုန်မာဆိုင်အနီးတွင် စက်သုံးဆီပေပါများသယ်လာသော တုန်ဟုန်းကားတစ်စီးကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်ခဲ့သောကြောင့် ဆိုင်ကယ်မောင်းအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်သမားက ကားကိုဝင်တိုက်တာ နောက်ကနေ။ ဒီဇယ်၊ ဓာတ်ဆီသယ်လာတဲ့ တုန်ဟုန်းကားကို။ ကလေး(သေဆုံးသူ)က မူးနေတာတဲ့။နောက်ကနေဝင်တိုက်တာ လမ်းချော်ပြီးတော့ ကားအောက်ကိုရောက်သွားတာ။ ခေါင်းပွင့်သွားတာလေ။ ဦးနှောက်တွေ ပွင့်ထွက်သွားတာ” ဟုပြောသည်။

သေဆုံးသွားသူမှာ အသက် ၂၁ နှစ်ခန့်အရွယ် မောင်မျိုးမင်းဦးဖြစ်ပြီး ရုပ်အလောင်းကို ဆိုင်းတောင်သုဿန်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

“သူက ကားကြီးနောက်ကနေ ညာဘက်ကနေပြီးတော့ ကားထဲကို ဝင်တိုက်တာလေ။ ကားသမားကိုက လောလောဆယ် ထိန်းသိမ်းထားတယ်။ တောဘက်က တိုက်နယ်ရုံးမှာ။ ရုပ်အလောင်းကိုက ဆိုင်းတောင်သုဿာန်ကို ပို့ဆောင်လိုက်ပြီ” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှုများမကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က မိုးညှင်းမြို့နယ်တွင် ဖြစ်ပွားသောယာဉ်တိုက်မှုတွင် ကလေးတစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့ကာ ယမန်နေ့က ဝိုင်းမော်မြို့နယ်တွင်လည်း ကားတစ်စီးတိမ်းမှောက်ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – လူမှုကယ်ဆယ်ရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ