မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမျိုးသမီး ဖမ်းဆီးခံရမှု အရေအတွက်မှာ ယခင်လများထက် သိသိသာသာတိုးလာကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အမျိုးသမီး ၃၁၂၅ ဦးရှိပြီး ၅၇၀ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံထားရဆဲဖြစ်ကာ ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်ခံထားရသူ ၂၉၅ ဦးရှိကြောင်းသိရသည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အမျိုးသမီးများမှာ ယခင်လများထက် ၁၅၀ ဦးခန့် ပိုများကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းအရ သိရှိရသည်။

ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးများတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတို့မှအများဆုံးပါဝင်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အသက်သေဆုံးခဲ့သည့် အမျိုးသမီးစုစုပေါင်း ၄၂၉ ဦးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသတ်ခံခဲ့ရသည့် အမျိုးသမီးများတွင်လည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ အများဆုံးပါဝင်ကြောင်း သိရပြီး မြေပြင်တွင် အထက်ဖော်ပြပါ ကိန်းဂဏန်းများထက် များပြားနိုင်ခြေရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့သည် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေ၊ ကျားမ တန်းတူရေး၊ နိုင်ငံရေး ရည်မှန်းချက်နှင့် အပြောင်းအလဲများအတွက် ကြိုးပမ်းနေသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – Fifty Two News

ပုံစာ – ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ချင်းပြည်နယ် ဟားခါးမြို့မှ အမျိူးသမီးတစ်ဦးကို PDF နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့စဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ