ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ဒေသခံများကို ပစ်မှတ်ထားဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Indaw Revolution (IR) ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့နေ့က ဖမ်းခံရတာက ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်) ရဲဘော်နှစ်ယောက်။ မနက်ပိုင်းမှာ ရဲဘော်နှစ်ယောက် ဖမ်းခံရတဲ့အချိန်ကစပြီး ဆက်တိုက်ဖမ်းခံရတာ။ သူတို့ဆီလှူထားတဲ့ အလှူရှင်စာရင်းတွေ ပါသွားတာ။ အဲ့ဒါနဲ့ဆက်စပ်ပြီး ဖမ်းခံရတာ” ဟုပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ အင်းတော်မြို့မဈေးတွင် ဈေးရောင်းနေသူများဖြစ်ကြောင်း အမည်မဖော်လိုသူ အင်းတော်မြို့ခံတစ်ဦးက ပြောသည်။

“ဖမ်းခံရတာက များသောအားဖြင့် ဈေး(အင်းတော်မြို့မဈေး)မှာ ဈေးရောင်းတဲ့သူတွေများတယ်။ အခုအဲ့ဈေးတိုက်တန်းကို ကြောက်လို့အကုန်ပိတ်ထားကြတယ်။ ဒီနေ့ ဆက်တိုက်လိုက်ရှာနေတာ။ ရဲကားထဲမှာ စစ်သားတွေချည်းပဲ”ဟုပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို အင်းတော်ရိက္ခာကုန်းခေါ် စစ်ကောင်စီအထိုင်ချထားသည့် တပ်စခန်းကုန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ဖေဖော်ဝါလ ၇ ရက်နေ့က တောထဲမှ မီးသွေးဖုတ်ပြီးနေအိမ်ပြန်လာသည့် အင်းတော်မြို့နယ် ကမ်းနီကျေးရွာမှ အမျိုးသားတစ်ဦးကို PDF ဟုစွပ်စွဲဖမ်းဆီးပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်းသိရသည်။

သတင်း – Yu San

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ