ဘိန်းချက်ရာတွင် အသုံးပြုသော ဓာတုဗေဒပစ္စည်းများတင်လာသည့် ကားတစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မတ်လ ၂ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ့်ခမ်း – နမ့်ဖက်ကာ လမ်းမကြီးပေါ်ရှိ ဇိုင်မော်တောင်အနီးတွင် TNLA တပ်မဟာ (၁)က တာဝန်ယူထားသည့် သရီးကရောင်းအမျိုးအစား မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ပစ္စည်းအမျိုးအစားတွေက ဘာတွေလဲဆိုတာ ပြောပြလို့မရဘူး။ အဲ့ဒါကကျွန်တော်တို့လည်း မစစ်ဆေးရသေးဘူး။ ကျွန်တော်တို့နဲ့ အတူမဟုတ်တော့။ ကားကသရီးကရောင်းအမျိုးအစားတစ်စီး ကားအပြည့်ဟုတ်တယ်။ ဆေးတွေချည်းပဲ” ဟုပြောသည်။

ကေအိုင်အေတပ်ရင်း (၉) ဆင်လီတောင် မြို့နယ်အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဓာတုပစ္စည်းတင်ဆောင်လာသည့် ကားသုံးစီးမှ တစ်စီးကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကားသုံးစီးတဲ့ ဘိန်းချက်တဲ့ပစ္စည်းတွေ သယ်လာတာကို ဖမ်းလိုက်တာ။ ပြည်သူတစ်ယောက်ကပဲ သတင်းပေးတာ။ ပြည်သူကနေ သတင်းပေးတဲ့ချိန်ကြတော့ စောင့်ပြီးမှတားတော့ ကားတစ်စီးပဲဖမ်းမိတာ တစ်စီးကတော့ ပလောင်တပ်ကို မောင်းပြေးသွားတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသောကားပေါ်ရှိ အက်စစ်များကို မီးရှို့ဖျက်ဆီးကာ ကားကို TNLA တပ်ဖွဲ့ထံ ပြန်ပေးလိုက်ပြီဖြစ်ကြောင်း TNLA နှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

“သူတို့အက်စစ်သယ်လာလို့ ဖမ်းလိုက်တယ်။ (TNLA) အကြီးပိုင်းတွေသွားတော့ ကားတော့ပြန်ပေးပြီး အက်စစ်ကတော့ မီးရှို့ပေးလိုက်ပြီလို့ သတင်းမေးလိုက်ရတယ်။ မနေ့တုန်းကတပ်ရင်း ၉ က အရာရှိတွေနဲ့ သွားပြီး မီးသွားရှို့လိုက်ပြီတဲ့။ သေချာတယ်တဲ့ TNLA တွေ ဟုတ်တာမလို့ ကားကိုကပြန်ပေးလိုက်ပြီတဲ့ အက်စစ်က အက်စစ်အရည်တဲ့ အက်စစ်ပုံး အားလုံးကို မီးရှို့လိုက်ပြီ” ဟုပြောသည်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ကေအိုင်အေသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို The 74 Media က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသကဲ့သို့ TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်ကို ဆက်သွယ်ရန်ကြိုးစားခဲ့ရာ ဆက်သွယ်၍ မရခဲ့ပါ။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် အရောင်းအဝယ်လုပ်ကိုင်သူများကို ရှောင်တခင်ဖမ်းဆီးပြီး PSLF/TNLA မှ ချမှတ်ထားသည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း PSLA/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သတင်း – Nan Non

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ