ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအနီး ယမန်နေ့ည ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီရဲတပ်ရင်း ၃၀ ကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နှင့် KPDF ပူးပေါင်းတပ်တို့ စခန်းပတ်ပတ်လည်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရှမ်းကုန်းကနေကြည့်နေတာ အကုန်တွေ့ရတယ်။ ကားနဲ့အရင်သွားပစ်တာ ဟိုကောင်တွေဘာမှပစ်ချိန်မရဘူး။ အငိုက်မိသွားတာပေါ့။ ပြီးတော့အဲ့ဘက်ကိုစစ်ကြောင်းထိုးတယ်လို့လည်းပြောတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်တာ” ဟုသူကပြောသည်။

သွားရောက်ပစ်ခတ်ချိန် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ရပ်ကွက်နေအခြားဒေသခံတစ်ဦးကပြောသည်။

“သူတို့ခံရတော့ ရမ်းပစ်ပြီလေ။ ကေအိုင်အေတွေကတော့ စည်းစနစ်ကျကျပဲ တောင်ပေါ်နေရာတွေကနေ ပစ်သွားတာ။ ဟိုကောင်တွေပြာတော့တာပဲ အစကတော့အကဒ်လိုက်ဆွဲတဲ့အသံပဲ နောက်မှနှစ်ဖက်အပြန်အလှန် ပစ်တော့တာ” ဟုသူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ရပ်ကွက်အတွင်းရှိ နေအိမ်ငါးလုံးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်ခန့်အရွယ်ရှိ ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သားအဖသုံးယောက် အခန်းအပေါ်ထပ်မှာကျ ယောက်ျားကမထိ၊ ကလေးထိတာ မစိုးရိမ်ရ၊ ကဒေါင်းအင်ဂျင် ပေါ်တစ်လုံးကျ” ဟုပြောသည်။

အသက် ၁၁ နှစ်ခန့်အရွယ်ရှိ မမိုးပွင့်ဖြူမှာ ညာဘက်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၇ နှစ်ခန့်အရွယ်ရှိ မိခင်ဖြစ်သူ မခင်မဆိုသူမှာ ခြေမျက်စိအပေါ်ဖက်နှင့် ပေါင်၊ တင်ပဆုံတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA) နှင့် KPDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာအနီးတွင်လည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ