ရတနာပုံဧရာဝတီမြစ်ကူးတံတားပေါ်မှ သံဃာတစ်ပါး ခုန်ချမှုဖြစ်ပွားခဲ့ပြီး အခြားကိုရင်တစ်ပါးလည်း ရေချိုးရင်း ရေနစ်သေဆုံးမှု ယမန်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ရတနာပုံမြစ်ကူးတံတားပေါ်မှ ခုန်ချသွားခဲ့သော သံဃာတော်တစ်ပါး၏ ရုပ်ကလာပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသေးကြောင်းနှင့် မည်သည့်အကြောင်းအရင်းကြောင့် ခုန်ချသွားသည်ကို မသိရှိရသေးကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်း (SERT) ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ကို မျက်မြင်တွေ့ခဲ့တဲ့ သူတွေက သတင်းပို့ခဲ့တယ်ပေါ့နော်။ တံတားပေါ်ကနေ ဘုန်းကြီးတစ်ပါး ခုန်ချသွားတယ်တဲ့။ ခုထိ ကယ်ဆယ်ရေးတွေ အလောင်းရှာဖွေနေဆဲပါ မတွေ့သေးပါဘူး။ ဘယ်ကျောင်းကလဲဆိုတာရော ပိုင်ရှင်တွေရော မသိရသေးပါဘူး” ဟု ပြောသည်။

အလားတူ စစ်ကိုင်းမြို့ ဒေသအခေါ် ဧမြဝတီရေဆိပ်တွင်လည်း ယမန်နေ့ ညနေပိုင်းက ကိုရင်သုံးပါး ရေဆင်းချိုးရာမှ ကိုရင်တစ်ပါး ရေနစ်သေဆုံးသွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“ကိုရင်လေးတွေ ရေချိုးနေရင်း ရေနစ်သွားခဲ့တယ်ပြောတယ်။ နှစ်ပါးကိုတော့ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပေမဲ့ တစ်ပါးကတော့ အသက်ဆုံးရှုံးသွားတယ်” ဟု ပြောသည်။

ရေနစ်သေဆုံးခဲ့သော ကိုရင်မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ဧရာဝတီမြစ်ကူး ရတနာပုံတံတားပေါ်မှ စက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦး ခုန်ချပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်း (SERT)

သင့်ထင်မြင်ချက်ရေးပေးပါ