မြင်းမူမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ နှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ယနေ့နံနက် အစောပိုင်းက ပြည်သူသုံးဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အင်အား ၁၅၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက လက္ကပင်ကျေးရွာကို ယမန်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၁၀၀ ကျော်ခန့်ဖမ်းဆီးခဲ့ကာ သုံးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မြင်းမူမြို့နယ်သတင်းမှတ်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွာတောင်ပိုင်းကနေစပြီးဝင်ရောက်စီးနင်းတာ ရွာကိုပတ်လည်ဝိုင်းပြီးတော့ စီးနင်းတာ။ ပြန်လွတ်လာတဲ့ သူတွေပြောပြတာတော့ လက္ကပင်ရွာက ဘုရားကြီးကျောင်းတိုက်ကို စစ်ရှောင်နေတဲ့ တခြားရွာက သုံးဦးကို သတ်ပစ်လိုက်တယ်တဲ့” ဟုပြောသည်။

အသက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း လူလတ်ပိုင်းအရွယ် ရွာသူ၊ ရွာသား တစ်ရာကျော်ခန့်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

“မနက်အစောကြီးဆိုတော့ ပြည်သူတွေကလည်း မထင်မှတ်တဲ့အချိန်ဆိုတော့ အကုန်တိမ်းရှောင်ချိန်မရလိုက်ဘူး။ တချို့တွေက မြစ်ဆိပ်ဘက်ကို ထွက်ပြေးတယ် တချို့ကိုလည်း ပြန်မိသွားတယ်။ ဘုန်းကြီးကျောင်းတွေထဲကို ထွက်ပြေးတဲ့ ပြည်သူတွေကိုလည်း စကစ(စစ်ကောင်စီ)တွေက ရွာတောင်ပိုင်းဘုရားကြီးကျောင်းထဲကို ပြန်ခေါ်သွားတယ်လို့သိရတယ်” ဟုပြောသည်။

အဆိုပါကျေးရွာရှိဘုန်းကြီးကျောင်းနှစ်ကျောင်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းက လက်ရှိအချိန်ထိ လက္ကပင်ကျေးရွာအတွင်း ဝင်ရောက်နေထိုင်နေကြောင်းနှင့် အဆိုပါကျေးရွာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများကလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း မြင်းမူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြည်သူတွေ ပိတ်မိသွားတယ်။ သတ်တာတွေတော့ရှိတယ်။ ခုချိန်ထိစကစ(စစ်ကောင်စီ)အဲ့ထဲမှာရှိနေတော့ သတင်းတွေ အတိကျမရသေးဘူးဗျ။ စကစ(စစ်ကောင်စီ)ကိုကြောက်လို့ရှောင်နေရတာပေါ့” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသူ သုံးဦးနှင့်ပတ်သက်ပြီး The 74 Media က အတည်ပြုနိုင်ရန်ကြိုးစားနေဆဲဖြစ်သည်။

စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်နေ့က အရာတော်မြို့နယ်၊ မလဲသာရွာသို့ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် မြင်းမူမြို့နယ် ပဒက္တိုင်းကျေးရွာ၊ ကန်တော်ကျေးရွာ၊ ညောင်ပင်ကျေးရွာသို့ လှည့်လည်သွားလာနေသော စစ်ကြောင်းဖြစ်ကြောင်းသိရသည်။

ထိုစစ်ကြောင်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်းမူမြို့နယ် တာတိုင်ကျေးရွာမှ ဒေသခံပြည်သူ ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် သတ်ဖြတ်ခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ