စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့ နေ့လယ် ၁၁ နာရီခန့်က အသက် ၈ နှစ်အရွယ် ကလေးသူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒေသအခေါ် အောင်သာယာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ တာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့ကနေပြီး ကန့်ဘလူ ခင်ဦးရေဦး အစပ်ဘက် စစ်ကြောင်းထိုးလာလို့ဆိုပြီး ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေခဲ့တာပေါ့နော်။ အဲ့ဘက်က ဒေသခံတွေက တောထဲမှာ ပုန်း‌ရှောင်နေတာကို သူတို့က မြင်တော့ လက်နက်ကြီးတွေပစ်တာပေါ့နော်။ ဘာကြောင့်ပစ်လဲဆိုရင် တိုက်ပွဲဖြစ်လားဆိုလည်း မဖြစ်ဘူး။ ဒါပေမဲ့ သူတို့က လက်နက်ကြီးအပြင်ပေါ့ စက်ကလေး(သေနတ်)တွေနဲ့ပါ ပစ်ကြတာပေါ့” ဟု ပြောသည်။

စစ်အုပ်ချုပ်ရေးစနစ်ကြေညာလိုက်သည့် ဖေဖော်ဝါရီလမှစပြီး ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာ ၃၀ ထက်မနည်းကို ရမ်းသမ်းပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး အိမ်ခြေပေါင်း ၇၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သူကပြောသည်။

သေဆုံးသွားသော ကလေးသူငယ်မှာ မုံလှကျေးရွာမှ မစုရတနာမြင့်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ ဦးဖိုးချိုဖြစ်ကြောင်းသိရသည်။

အဆိုပါ စစ်ကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ပါဝင်ပြီး ရေဦးမြို့မှ လွှတ်တော်အမတ်မိသားစုသုံးဦးအပါအဝင် ပြည်သူ ၁၅ ဦးဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိသေးကြောင်း KSO ၏ တာဝန်ခံဗိုလ်လင်းအောင်က ပြောသည်။

“အခုကျွန်တော်တို့လည်း ပြေးနေတဲ့ထဲပါတာပေါ့။ ကျွန်တော်က ပြည်သူလူထုတွေပြေးတာကို စီမံခန့်ခွဲပေးနေတာပေါ့။ ပြီးတော့ ဒီစစ်ကြောင်းကပဲ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် သေဆုံးတဲ့သူတွေလည်းရှိတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့သော ပြည်သူ ၁၅ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မသိရှိရသေးပါ။

ထို့အပြင် ခင်ဦးမြို့နယ် အလယ်ရှိုရွာတွင် ယမန်နေ့ က မပေါက်ကွဲသေးသော ၇၉ လက်နက်တစ်လုံး မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၂ နှစ်အရွယ် နွားကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် တဲစုကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူနေအိမ် ၁၈ လုံးမီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – ခင်းဦး သတင်းမှန်ပြန်ကြားရေး

သင့်ထင်မြင်ချက်ရေးပေးပါ