ရွှေကူမြို့နယ်

စစ်ကောင်စီတပ်က ချောဆွဲသည်ကို ငြင်းဆန်ခဲ့သည့် ရွှေကူမြို့နယ်မှ စက်လှေပိုင်ရှင်တစ်ဦး မတ်လ ၅ ရက်နေ့ ညနေက ဖမ်းဆီးခံရကြောင်း သိရသည်။

ရွှေကူမြို့နယ်၊ ကျောက်တလုံးကျေးရွာတွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်ကို ရိက္ခာသွားပို့ပေးရန် ငြင်းဆိုခဲ့သည့်အတွက် စက်လှေပိုင်ရှင် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့ချောအလှည့် မဟုတ်ကြောင်းပြောပြီး ချောလိုက်ဖို့ အဆင်မပြေကြောင်းပြောတာကို စခန်းကိုလိုက်ခဲ့ဆိုပြီးခေါ်သွားတာပဲ။  အဆက်အသွယ်လည်းမရသေးဘူး။ အကျိုးအကြောင်းလည်း မသိရသေးဘူး။ မိသားစုဝင်တွေကတော့ စိတ်ပူနေကြတာ” ဟုပြောသည်။

ဖမ်းဆီးခံရသူမှာ ရွှေကူမြို့၊ ပေါက်ကုန်းကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဦးသောင်းတင့်ဆိုသူဖြစ်ပြီး ရွှေကူရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ရွှေကူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရဲစခန်းကိုခေါ်သွားတာဆိုတော့ နယ်မြေခံတပ်ကပဲဖြစ်မှာ။ ရွှေကူသင်္ဘောဆိပ်မှာ တစ်ဖက်ကမ်းကို ရိက္ခာပို့ဖို့ချောဆွဲရင်း အခုလိုဖြစ်တာ”ဟုပြောသည်။

စစ်ကောင်စီတပ်က ရိက္ခာပို့ဆောင်ခိုင်းသည့် ကျောက်တလုံးကျေးရွာတွင် စစ်ကောင်စီတပ်မ (၇၇) အထိုင်ချထားပြီး ယမန်နေ့ ညနေ သုံးနာရီခန့်က အဆိုပါတပ်မက ကျောက်တလုံးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။

ရွှေကူမြို့တွင် စစ်ကောင်စီတပ်က ရိက္ခာနှင့် လူအင်အားပို့ဆောင်ရန် ဧရာဝတီမြစ် ရွှေကူဆိပ်ကမ်းရှိ စက်လှေများကို အလှည့်ကျ ချောဆွဲလေ့ရှိပြီး ချောဆွဲခံရသည့် စက်လှေများသည်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကို ခံနေရကြောင်း သိရသည်။

သတင်း – Yu San

သင့်ထင်မြင်ချက်ရေးပေးပါ