ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်တင်တင်ရောင်းချနေသောကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် ဒေသခံများလိုလားနေကြောင်း  သိရသည်။

ပူတာအိုမြို့ပေါ်ရှိ ရပ်ကွက်အချို့ လူသူထူထပ်သောနေရာများတွင် မူးယစ်ဆေးရောင်းချသူများသည် လွယ်အိတ်ဖြင့် ပေါ်ပေါ်တင်တင် လိုက်လံရောင်းနေကြောင်း အမည်မဖော်လိုသူ အစိုးရဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“အစကတော့ သူတို့လည်း အဲ့လိုတော့မရောင်းဘူး။ အခုတော့ ဘောလုံးကွင်းမှာတွေလည်း ပေါ်ပေါ်တင်တင်ပဲ ရောင်းနေတာမြင်တယ်။ ဖမ်းခံရလည်း ခဏလေးနဲ့ ပြန်လွတ်လာတယ်။ ပြီးတော့ဆက်ရောင်းတာပဲ။ ရဲတွေကိုလည်း ပိုက်ဆံပေးပြီးရောင်းတာလေ။ ထောင်ထဲမှာတောင် ရောင်းနေတာတွေရှိတယ်။ ရဲတွေလည်းဆေးသုံးတဲ့သူတွေရှိတယ်လေ အဲ့ကြောင့်ဆေးရောင်းတဲ့သူတွေအတွက် အရမ်းအဆင်ပြေနေတာ” ဟုပြောသည်။

ပူတာအိုမြို့နယ်ရှိ လန်းတောင်ကျေးရွာ၊ နောင်ခိုင်ကျေးရွာနှင့် ပူတောင်းကျေးရွာစသည့်ကျေးရွာများတွင် မူးယစ်ဆေးဝါးရောင်းချမှု အလွန်ဆိုးဝါးနေကြောင်းဒေသခံများထံမှသိရသည်။

မှာယူမှုအပေါ်မူတည်ကာ ၎င်းကိုယ်တိုင် သွားရောက်ပို့ဆောင်ပေးနေပြီး ပူတာအိုမြို့နယ်အတွင်းရှိ ရွှေမှော်များမှ လောပန်းများက အများဆုံးဝယ်ယူနေကြောင်း မူးယစ်ဆေးဝါးလိုက်လံဖြန့်ဖြူးပေးနေသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“ဦးနှောက်ကိုသုံးပြီး နည်းလမ်းအမျိုးမျိုး ရောင်းကြတယ်လေ။ အိမ်ထဲမှာလည်းရောင်းတယ်။ အများဆုံးကတော့ ဝယ်ချင်တဲ့သူကဖုန်းဆက်တယ်။ သူတို့လိုချင်သလောက်ကို ချိန်းတဲ့နေရာမှာ သွားပေးရတယ်။ တခါတလေတော့ ရွှေမှော်ကိုလည်းပို့ရတယ်။ အများဆုံးတော့ လောပန်းတွေဝယ်တာဟုတ်တယ်။ ရွှေမှော်တွေမှာရောင်းတဲ့သူတွေက ပိုလွတ်လပ်တယ် မိုကာတဲထိုးပြီးရောင်းကြတာဟုတ်တယ်” ဟုပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူများသည် တစ်ထောင်ကျပ်မှစတင်ကာ ရောင်းချပေးနေကြောင်း နောင်ခိုင်ကျေးရွာတွင် မကြာခဏ မူးယစ်ဆေးဝါး သွားရောက်ဝယ်ယူနေသော ဘိန်းဖြူစွဲလမ်းနေသော အသက်သုံးဆယ်အရွယ် အမျိုသားတစ်ဦးကပြောသည်။

“ရောင်းတဲ့သူက ပိုက်ဆံနဲ့ပဲ အဓိကရောင်းတယ်။ ပိုက်ဆံမရှိတဲ့သူတွေက ပစ္စည်းတွေနဲ့လည်း လဲပေးကြတယ်။ အရင်တုန်းကတော့ စစဝယ်တဲ့သူကို နှုတ်ပိတ်ခဆိုပြီးပေးတယ်။ အခုတော့မပေးဘူး။ သူတို့လည်း ရဲတွေမိသွားရင် ပိုက်ဆံအများကြီးပေးရတယ်။ အရင်လတောင် ငါအမြဲဝယ်နေကျအိမ်ကို ရဲတွေဝင်စစ်လို့ သိန်းငါးဆယ်လောက် ပါသွားတယ်လို့ပြောတယ်” ဟုပြောသည်။

ပူတာအို‌ဒေသတွင် မူးယစ်ဆေးဝါး ပြဿနာဆိုးဝါးလာသောကြောင့် သက်ဆိုင်ရာမည်သည့်အဖွဲ့စည်းမှဖြစ်စေ အမြန်ဆုံးတာဝန်ယူဖြေရှင်းစေချင်ကြောင်း နောင်ခိုင်ကျေးရွာနေ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

“ရဲတွေလည်း ဆေးရောင်းတဲ့အိမ်ထဲဝင်တယ်။ ဒါပေမဲ့လည်းမဖမ်းဘူး။ ဘယ်လိုတွေ ငြှိကြလားတော့ မသိဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း အခြေနေပိုဆိုးလာတယ်။ ဆေးရောင်းတဲ့သူလည်းအရမ်းများလာတယ်။ ဆေးလာဝယ်တဲ့သူတွေလည်း နေရာတိုင်းကလာကြတော့ ပစ္စည်းလည်းခဏဏပျောက်တယ်” ဟုပြောသည်။

ပူတာအိုမြို့နယ်အတွင်း အသုံးများသော မူးယစ်ဆေးဝါးအမျိုးအစားမှာ ဘိန်းဖြူနှင့် ရာမတို့ဖြစ်ပြီး ဆေးသမားများ၏အခေါ်အရ ဘိန်းဖြူတစ်တိုက်လျှင် နှစ်ထော့င်ငါးရာကျပ်မှ ငါးထောင်ကျပ်အတွင်း၊ ရာမတစ်လုံးလျှင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်အတွင်း ရောင်းချနေကြကြောင်း သိရသည်။

လက်ရှိတွင် ပူတာအိုမြို့နယ်ကဲ့သို့ ကချင်ပြည်နယ်ရှိ နေရာအနှံ့အပြားတွင် မူးယစ်ဆေးဝါးပြဿနာနှင့် ခိုးဆိုးလုနှိုက်မှုပြသာနာများ ပိုမိုများပြားလာကြောင်းသိရသည်။

သတင်း – Dureng

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ