ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မြို့မရဲစခန်း ယနေ့ နံနက် ငါးနာရီခန့်က တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့မှ ၄၀ မမ ဗုံးသီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့က(စစ်ကောင်စီတပ်ဖွဲ့ဝင်) လာဘ်စားတာတွေ ကြမ်းနေလို့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးမနေလို့ သတိပေးပစ်ခတ်တာပါ။ မဆိုင်တာတွေလုပ်နေလို့လေ။ ရဲစခန်းထဲကို တိုက်ရိုက်ကျသွားတယ်”ဟု ပြောသည်။

သွားရောက်တိုက်ခိုက်ခဲ့သော ၎င်းတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သူကပြောသည်။

မိုးညှင်းအရှေ့တောင်ဘက်နှင့် အဆိုပါရဲစခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်သံများ ယနေ့ နံနက်ပိုင်းက ထွက်ပေါ်ခဲ့ကြောင်း မိုးညှင်းမြို့ခံ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်က လက်နက်ကြီးသံ အကျယ်ကြီးကြားလိုက်တာ။ ပြီးမှ လက်နက်ငယ်သံတွေကြားရတာ။ ကြည့်ရတာ နှစ်ဖက်ပစ်တဲ့သဘောရှိတယ်။ အရှေ့တောင်ဘက်ကတော့ လက်နက်ကြီးထွက်တဲ့ အသံကြားရတာ။ ရဲစခန်းဘက်မှာတော့ လက်နက်ကြီးကျသံရော၊ သေနတ်သံရောကြားရတယ်”ဟု သိရသည်။

ပစ်ခတ်သံများထွက်ပေါ်လာချိန်တွင် မိုးညှင်းမြို့တွင် လျှပ်စစ်မီးများပြတ်တောက်သွားကြောင်း သူကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းအနီးရှိ လမ်းများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက် ရှိ၊ မရှိကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က မိုးညှင်းမြို့နယ် နန်းမားရဲစခန်းတွင် မိုင်းပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

သတင်း – Nan Sandar Aye

ဓါတ်ပုံ – DVB

သင့်ထင်မြင်ချက်ရေးပေးပါ