ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာအနီးရှိ ဘိန်းခင်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF တပ်ဖွဲ့တို့ပူးပေါင်းကာ လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစပြီး လုံရှာယာန်ကျေးရွာအနီးရှိ ဘိန်းခင်း ဧက ရာဂဏန်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖေဖော်ဝါရီလကစပြီး အခုဆိုရင် သုံးပတ်လောက်တော့ရှိပြီ။ ဘယ်အချိန်ပြီးမလဲတော့မသိသေးဘူး။ လုပ်နေတုန်းပဲရှိနေတယ်။ ပိုင်ရှင်က အသိအကျတော့မသိရဘူး။ ဒေသခံတွေရဲ့ဟာများတယ်” ဟုပြောသည်။

KIA ပူးပေါင်းတပ်ဖွဲ့ဝင် ၄၀ ကျော်သည် လုံရှာယာန်ကျေးရွာအပြင် တန်ဂျာကျေးရွာနှင့် မဆွမ်းဇွပ်ကျေးရွာအနီးရှိ ဘိန်းခင်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်းသူကပြောသည်။

ဘိန်းခင်းပိုင်ရှင် လေးဦးခန့်ကိုလည်း ဖမ်းဆီးထားပြီး အခြားဘိန်းသုံးစွဲသူများကိုလည်း အသိပညာပေးခြင်း၊ ဘိန်းဖြတ်ပေးခြင်းများပြုလုပ်ပေးနေကြောင်း သိရသည်။

KIA ပူးပေါင်းတပ်ဖွဲ့က လိုက်လံဖျက်ဆီးနေသည့် ဘိန်းခင်းများသည် ဒေသခံအများဆုံးလုပ်ကိုင်ခြင်းဖြစ်ပြီး လုံရှာယာန်ကျေးရွာတွင် ဘိန်းဖြူကို အဓိက သုံးစွဲနေကြောင်း အမည်မဖော်လိုသည့် အသက် ၅၀ ကျော်အရွယ် လုံရှာယန်ဒေသခံတစ်ဦးကပြောသည်။

“ဒီနေရာ ဒေသတစ်ဝိုက်က အဓိကအုပ်ချုပ်ရေးက စစ်ကောင်စီကအုပ်ချုပ်တာဆိုတော့ သူတို့လည်း လွတ်လွတ်လပ်လပ်တော့လုပ်လို့မရဘူး။ ပြီးတော့ ဘိန်းက သူတို့ဝင်ငွေဆိုတော့ ဒီမှာပြန်ပြီးဖျက်ဆီးပေးဆိုတော့ အချင်းချင်း အမြင်မကြည်တာကရှိကြတာပေါ့” ဟုပြောသည်။

လုံရှာယာန်ကျေးရွာတွင် ၂၀၁၇ ခုနှစ်က ဘာသာရေးအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ပတ်ဂျဆန်)က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများလုပ်ဆောင်ကာ ဘိန်းခင်းများ လိုက်လံဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကလည်း လုပ်ဖူးတယ်၊ KBC ဘာသာရေးအဖွဲ့က ကော်မတီဖွဲ့ပြီး ဘိန်းဖြတ်စခန်း၊ ဘိန်းခင်းတွေကိုလည်း လိုက်ဖျက်ဆီးတယ်။ ဒါပေမဲ့ စိုက်တဲ့သူတွေက ကျေးရွာကပဲဆိုတော့ ကြာလာရင် အဆင်မပြေတော့ဘူး။ ဒါကြောင့်ရပ်နားလိုက်ရတယ်” ဟုပြောသည်။

KIA နှင့် KPDF ပူးပေါင်းအဖွဲ့လိုက်လံဖျက်ဆီးနေသည့် ဘိန်းခင်းများသည် ဆွမ်ပရာဘွမ် – ပူတာအို လမ်းမကြီးနှင့် ၁၀ မိုင်ခန့်ဝေးသည့် နေရာတွင်ဖြစ်ကြောင်းသိရသည်။

ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာအုပ်စုရှိ ဒေသခံများသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး အိမ်ထောင်စု ရှစ်ရာကျော်ရှိကာ လူဦးရေ လေးထောင်ကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ