ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် ဟွေအွမ်စစ်ကောင်စီစခန်း တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများကို ရိက္ခာဖြန့်ဝေပေးနေသည့် ဟွေအွမ်စခန်းကို ၎င်းတို့တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ကရင်နီတပ်မတော် (KA) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“အခုသွားတိုက်တဲ့နေရာက သံလွင်နဲ့ ထိုင်းနယ်စပ်ကြားမှာရှိတဲ့စခန်းပေါ့။ အဲ့ဘက်မှာသူတို့တွေ စခန်းလေးခုထိုင်ထားတာရှိတယ်။ အဲ့ထဲက တစ်ခုပေါ့။ အဲ့ဒီတော့ အခုသူတို့စခန်းတွေမှာ လူအင်အားက နည်းနေတဲ့အချိန်ပေါ့နော်။ အင်အားချိနဲ့သွားတာပေါ့။ အဲ့စခန်းက စခန်းကြီးဆိုပေမဲ့ ခု လူအင်အားသိပ်မရှိဘူးဆိုပြီး ကျွန်တော်တို့လူတွေက လေ့လာပြီးတော့မှ ရုတ်တရက်ဝင်လာပြီး သွားတိုက်ခဲ့တာပေါ့။ စခန်းတိုက်ပြီးတဲ့ချိန်မှာ အလောင်းတွေ့တယ်။ တခြားလူတွေက ထွက်ပြေးသွားကြတာပေါ့” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ပြီး အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသူက ဆက်ပြောသည်။

စခန်းအတွင်းရှိ 60 MM လက်နက်တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA – 1 သေနတ် တစ်လက်၊ MA – 2 သေနတ် နှစ်လက် နှင့် MA – 4 သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဟွေအွမ်စခန်းတွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၅၄) နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း အထိုင်ချထားသောစခန်းဖြစ်ပြီး နယ်စပ်အနီးရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော ခလရ (၁၃၄) နှင့် (၁၃၅) ဘက်သို့ လက်နက်ရိက္ခာများ ဖြန့်ဝေပေးနေသည့် စခန်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထိုင်း – မြန်မာနယ်စပ် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်အကျဆုံးများရှိခဲ့ကြောင်းသိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – ကရင်နီတပ်မတော် (KA ) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ