စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နားရခေါင်ကျေးရွာနှင့် နဘားကျေးရွာလမ်းဆုံတွင် အလှည့်ကျစစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာနှင့် ခရီးသည်များထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ လုယက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများထံမှ ဆိုင်ကယ်သုံးစီး၊ ဖုန်းရှစ်လုံးအပြင် ၎င်းတို့စစ်ဆေးသည့် နေရာအနီးရှိ နေအိမ်တစ်လုံးမှ ရိက္ခာများကို လုယက်သွားကြောင်း နဘားကျေးရွာဒေသခံ လူငယ်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပြည်သူတွေဆီက သိမ်းထားတဲ့ ဆိုင်ကယ်တွေရယ်၊ ဆန်တွေ၊ ဆီတွေ၊ နှမ်းတွေရယ်ကို အင်းတော်ကနေ သုံးဘီးကြီးနဲ့ ခေါ်ပြီးတော့ တိုက်သွားတာတဲ့။ တိုက်တာက အမျိုးသမီးတွေ လာတိုက်တာ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစပြီး နဘားကျေးရွာလမ်းဆုံနှင့် နားရခေါင်ကျေးရွာတွင် အလှည့်ကျအထိုင်ချကာ ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကား၊ အိမ်စီးကားနှင့် ဆိုင်ကယ်တို့ကို စစ်ဆေးမှုပြုလုပ်နေကြောင်း ကားဆရာတစ်ဦးကပြောသည်။

“ကားကြီးတွေတော့ ဒီတိုင်းသွားခိုင်းတာ။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့)ကို ကြည့်ရတာ မောမောပန်းပန်းနဲ့။ ခရီးသည်တင်ကားကို တစ်စီးချင်းစစ်တယ်၊ မှတ်ပုံတင် ဘာညာရော။ ဆိုင်ကယ်တွေလည်းစစ်တယ်။ တူးဘောက်တွေ ဘာတွေလည်း ဖွင့်ခိုင်းတယ်” ဟုပြောသည်။

အဆိုပါဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားတစ်စီးလျှင် ငွေကျပ်ငါးထောင်နှုန်းဖြင့် စစ်ကောင်စီတပ်က မတရားငွေကြေးကောက်ခံနေကြောင်း သိရသည်။

အင်အား ၉၀ ဝန်းကျင်ပါဝင်သည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့မှာ ကသာမြို့မှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး အင်းတော်ရိက္ခာကုန်းတွင် စခန်းချနေကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများက  စစ်ဆေးရေး တင်းကြပ်စွာလုပ်ဆောင်နေပြီး ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း PDF ကို ထောက်ပံ့သည်ဟုဆိုကာ အင်းတော်မြို့မဈေးတွင်ဈေးရောင်းသည့် အရပ်သား၁၀ဦးထက်မနည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ