ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်တွင် ယမန်နေ့ည ၁၀ နာရီခန့်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်မိသားစုအပါအဝင် ဆိုင်တွင်ထိုင်နေသူ ခုနှစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ရှုထောင့်သစ်လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု ရပ်ကွက်နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ရှင်တွေလည်းဖမ်းသွားတယ် wifi လာသုံးတဲ့ လူငယ်တွေရော ခေါ်သွားတယ်လို့ပြောတယ်။ စကစ(စစ်ကောင်စီ)က ဖမ်းသွားတာ။ ခေါ်သွားတာက ဘယ်ကိုလည်း မပြောတတ်ဘူး။ လောလောဆယ်က ရဲစခန်းကုန်းပဲနေမှာပေါ့။ မလွတ်ခဲ့သေးဘူး ဒီမနက်ကအထိ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဆိုင်ပိုင်ရှင်မှာ ဦးစိုးနိုင်၊ ဒေါ်နန်းကျေးနှင့် သမီးဖြစ်သူ မရွှန်းလဲ့စိုး ဆိုသူတို့ဖြစ်ပြီး ကျန်လေးဦးမှာ မည်သူ၊ မည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဘာလို့ဖမ်းတာလဲဆိုတာကတော့ တိတိကျကျ မသိရသေးဘူး။ သမီးဖြစ်သူကတော့ နိုင်ငံရေးပိုစ့်တွေတင်တယ် Share တယ်။ အဲ့တာကြောင့်လို့ထင်တာပါပဲ။ ဘယ်မှာဖမ်းတာလဲတော့မသိဘူး။ စစ်ကောင်စီက ဖမ်းတာလို့ပဲ သိရတယ်” ဟုပြောသည်။

ဖားကန့်မြို့ ရှရော်ခကျေးရွာ၊ မဲ့လင်ချောင်ကျေးရွာ၊ မှော်မောင်းလျှံကျေးရွာနှင့် ဘလခမှော်တို့တွင် လှည့်လည်သွားလာနေသော စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် မနကျေးရွာနှင့် စပျစ်ကူးကျေးရွာတို့မှ ဒေသခံပြည်သူ ၇၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖားကန့်မြို အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မတ်လ (၁) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင် လိုက်လံစစ်ဆေးကာ ဒေသခံပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်က ဖားကန့်မြို့တွင်တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ