ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်ဘေးတိမ်းရှောင်လာသော ထောင်ချီသည့် စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာခဲ့သည်မှာ နှစ်ပါတ်ခန့်ရှိပြီဖြစ်ပြီး စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဖျားနာခြင်းများရှိနေသောကြောင့် ဆေးဝါးအကူအညီ အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီဘက်မှာက ရေသယ်ကားရှိတယ်။ ဒါပေမဲ့ ရေကမလုံလောက်ဘူး။ ရေကို ရဖို့ဆိုရင် ကားနဲ့သယ်ရတယ်။ ရေကလည်း သန့်ရှင်းမှုမရှိဘူးဆိုတော့လေ ဝမ်းပျက်ဝမ်းလျှောတွေရှိနေတယ်။ ဆရာမက ဆေးပေးကုပေးသေးတယ်။ ဒါပေမဲ့ မလောက်ဘူးလို့ပြောတယ်။ တကယ်လို့ ကူညီနိုင်မယ်ဆိုရင်တော့ ဆေးဝါးနဲ့ ရေပေါ့နော်. အကူအညီလိုတယ်ပေ့ါနော်” ဟု ပြောသည်။

ဖေဖော်ဝါရီလ တတိယအပါတ်ကစပြီး ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားတပ်မတော် (PNA/PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

“စစ်ကောင်စီတွေကလည်း လက်နက်ကြီးတွေ ညညဆိုရင် ရမ်းသမ်းထုတာဆိုတော့ ကြောက်နေရတာ။ ကလေးတွေကလည်း အဲ့လိုလက်နက်ကြီးသံတွေကြားရင် ကြောက်ကြောက်နေကြတာပေါ့။ ပြီးတော့ တိုက်ပွဲမဖြစ်ခင် ကျွန်တော်တို့ဘက် လက်နက်ကြီးတွေပစ်လို့ အန်တီတစ်ယောက်ရော ဆယ်တန်း‌ကျောင်းသားရော လက်နက်ကြီးထိလို့ဆုံးသွားသေးတယ်။ ခုလည်း အဲ့ဘက်မှာ တိုက်ပွဲတွေဖြစ်နေတုန်းပဲ” ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာက ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် ယောင်္ကျားလေးနှစ်ဦး သေဆုံးခဲ့သည်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတွင် စစ်ဘေးတိမ်းရှောင်ပြည်သူ စုစုပေါင်း တစ်ထောင်ကျော်ခန့်ရှိပြီး သောက်သုံးရေသန့်ရှင်းမှု မရှိသောကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် တုတ်ကွေးရောဂါများ စတင်ဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု Mobye Rescue Team ၏ တာဝန်ခံ ဆရာမတစ်ဦးက ပြောသည်။

“အဲ့မှာက စစ်ရှောင်အချို့က တောင်အောက်မှာနေကြတယ်။ တချို့က ကျောင်းဆောင်တွေမှာ နေကြတယ်ပေ့ါနော်။ သမံတလင်းပေါ်မှာ အိပ်ကြတယ်။ ရေကလည်း သူတို့ဘာသာဝယ်ရတယ်။ တချို့က ဟိုးတောင်ပေါ်က တောင်ကျချောင်းရေတွေသောက်ကြတော့ အခုက ဝမ်းပျက်ဝမ်းလျှောတွေစနေပြီ။ နှာစေးချောင်းဆိုးတွေ စနေပြီ။ ကိုက်ခဲ လက္ခဏာကဖြစ်ပြီး စနေပြီးတော့ တုပ်ကွေးလည်း စချင်နေပြီ။ တုပ်ကွေးကိုက်ခဲတာ တွေအတွက် ဝမ်းပျက်ဝမ်းလျောအတွက် ဆေးဝါးတွေလိုအပ်နေတာပေါ့နော်။ ဆေးဝါးကိုလေ ကျွန်မတို့ကို ထောက်ပံ့ပေးနိုင်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျွန်မတို့က လက်ခံတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့လိုပါက https://www.facebook.com/mobyert?mibextid=LQQJ4d ဖေစ့်ဘုတ်စာမျက်နှာမှတစ်ဆင့် (သို့မဟုတ်) 09761350181 ကိုခေါ်ဆိုပြီး ဆက်သွယ်လှူဒါန်းနိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – Mobye Rescue Team

သင့်ထင်မြင်ချက်ရေးပေးပါ