ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို ထောက်ပံ့သည်ဟုဆိုကာ ကချင်ပြည်နယ် နန်းမားမြို့မှ ကုန်စိမ်းရောင်းသည့် ပြည်သူနှစ်ဦးကို ယမန်နေ့ နေ့လယ် သုံးနာရီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ လက်ပံတန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားရှိ မြင့်မြတ်စေတနာဓါတ်ဆီဆိုင်အနီးတွင် ကုန်စိမ်းရောင်းသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ)များက ဖမ်းဆီးခဲ့ကြောင်း မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သတင်းပေးက ထောက်ပို့ပါဆိုပြီး လက်ညိုးထိုးပြီးဖမ်းခိုင်းတာပေါ့။ တိတိကျကျ ဖမ်းသွားတာ သူတို့ကို။ အရပ်သားကား (အိမ်စီးကား)တွေနဲ့လာဖမ်းတာ။ အရပ်ဝတ်နဲ့နေပြီး ဖမ်းသွားတာ” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ နန်းမားမြို့၊ နန့်သာယာရပ်ကွက်ရပ်ကွက်နေ အသက်၂၀ ကျော်အရွယ် ကိုစိုးထွန်းနိုင်နှင့် မပန်းသဇင်ဆိုသူဖြစ်ပြီး ၎င်းတို့ကို နန်းမားစစ်တပ်တွင် ဖမ်းဆီးထားကြောင်း အသက် ၃၀ကျော်အရွယ် နန်းမားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆီဆိုင်ရှေ့မှာ တားပြီးတော့ ဖမ်းသွားတယ်ပြောတယ်။ မလွတ်သေးဘူး။ ဖမ်းသွားတာတော့ နန်းမားရဲစခန်းကို။ ခုလောလောဆယ် စစ်ကြောရေးပို့ထားတယ်လို့ပြောတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နန်းမားမြို့ လက်ပံတန်းကျေးရွာအနီးတွင် သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားသုံးဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်း‌ခေါင်စာရင်းအရ နန်းမားမြို့တွင် အိမ်ခြေသုံးထောင်ကျော်ရှိပြီး လူဦးရေတစ်သောင်း ကျော်နေထိုင်ကြောင်း သိရသည်။

သတင်း – Yu San

ဓါတ်ပုံ – AFP

သင့်ထင်မြင်ချက်ရေးပေးပါ