စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်အတွင်းရှိ ရေမဆေးသမားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရေမဆေးကျောက်ရှာဖွေနေသူများ အခက်အခဲဖြစ်နေကြောင်းသိရသည်။

ကျေးရွာအတွင်းနှင့် ကျောက်စိမ်းလုပ်ကွက်များသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားလုံးအရင်းဖြင့် ဝင်ရောက်ကာ ရေမဆေးကျောက်ရှာဖွေနေသူများကို ဦးတည်ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ရပ်ထဲရွာထဲဝင်စီးပြီးမှ အရွယ်ကောင်း ယောကျာ်းလေးတွေဆိုရင်သူတို့က ပစ်မှတ်ထားဖမ်းတာပေါ့။ ရေမဆေးသမားတွေများတယ် ကျောက်ရှာသူတွေ ပစ်မှတ်ထားဖမ်းတယ်။ PDF တွေဖြစ်နိုင်တယ်ဆိုပြီး သံသယရှိတာကိုး။ စစ်ကောင်စီက အကြောက်တရားလွမ်းမိုးခံနေရပြီဆိုတာ သိသာနေပြီ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူများကိုလည်း စစ်ကောင်စီတပ်က ငွေဖြင့်လာရောက်ရွေးယူခိုင်းပြီး ခံဝန်ကတိဖြင့် ပြန်လည်လွတ်ပေးသူများလည်းရှိကြောင်း သူကဆက်ပြောသည်။

ဖမ်းဆီးခံရချိန်တွင် စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်ပြီး လက်နှင့် ခြေများကိုကြိုးဖြင့်ချည်ကာ မြေအောက်ဂိုဒေါင်တွင် ပိတ်လှောင်ထားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“လက်တွေ ခြေထောက်တွေ အကုန်ချည်ထားပေးတယ်။ ဒီအတိုင်း အမှောင်ထဲမှာပဲထည့်ထားတာ။ တချို့တွေက စောစောလွတ်တာတွေရှိတယ်၊ တချို့တွေက တစ်ပတ်၊ တချို့တွေက တစ်ပတ်ကျော်။ ဟိုးဘက်ကိုရောက်သွားရင်တော့ ဘာမှတော့မလုပ်ဘူး။ ခေါ်သွားတဲ့ချိန်တုန်းကတော့ ကန်တာတွေရှိတယ်။ လျှာမှာ မီးရှို့ပေးတာမျိုးတွေရှိတယ်” ဟုပြောသည်။

ဖားကန့်မြို့တွင် လာရောက်နေထိုင်သူအများစုမှာ ကျောက်ရှာဖွေနေသူများဖြစ်ပြီး စစ်ကောင်စီတပ်က ယခုကဲ့သို့ ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် အခက်အခဲများဖြစ်နေကြောင်း ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦးက ပြောသည်။

“ရေမဆေးသမားတွေ လုပ်စားတဲ့အချိန်မှာ အချိန်လွန်တာပေါ့။ ဖမ်းဆီးပြီးမှ ရိုက်နက်စစ်ဆေး လွတ်တာလည်းရှိတယ်၊ မလွတ်တာလည်းရှိတယ်။ အရမ်းဒုက္ခရောက်တယ်။ ဘာပဲဖြစ်ဖြစ်ဒီမှာက ကျောက်စိမ်းပဲ လုပ်စားကြတာ။ ရေမဆေးရှာတယ်ဆိုတော့ ညသန်းခေါင်မှာဆိုရင်လည်း ပြန်တတ်တယ်လေ” ဟုပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ကုဋေမှော်ကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေသူနှင့် ဈေးရောင်းချနေသူ ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရသည်။

ဖားကန့်မြို အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင်လည်း မတ်လ (၁) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင် လိုက်လံစစ်ဆေးကာ ဒေသခံပြည်သူ ၁၃၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ဖားကန့်ဒေသမှ ရေမဆေးကျောက်ရှာဖွေသူများကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ