စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်မိုင်းခွဲရာတွင် အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာများကို ဖားကန့်မြို့နယ်အတွင်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ဖားကန့်မြို့နယ် မနကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ ပုလဲ(ဓာတ်မြေဩဇာ)နှင့် ကန့် (မိုင်းအခေါ်အဝေါ်) များကို ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ လိုက်လံသိမ်းဆည်းခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“အောက်ပိုင်းမှာတော့ ဓာတ်မြေဩဇာဆိုပြီးသုံးကြတာပေါ့။ ဒါပေမဲ့ဒီမှာတော့ ကျောက်မိုင်းခွဲတဲ့နေရာမှာ သုံးကြတာများတယ်။ မသိမ်းခင်ပြောတာကတော့ ကျောက်မိုင်းခွဲတာတွေ ဖောက်ခွဲတာတွေ လုပ်လို့မရဘူးပြောပြီး သိမ်းသွားတာ” ဟုပြောသည်။

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကြီးများက ကျောက်ရှာဖွေရန် ကျောက်သားနံရံဖြိုချခြင်းနှင့် ဘက်ဟိုးဖြင့် တူးဖော်ရရှိလာသည့် ကျောက်တုံးကြီးများကို ယမ်းများဖြင့် ကျောက်မိုင်းခွဲခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါသိမ်းဆည်းခံခဲ့ရသည့် ပုလဲ(ဓာတ်မြေဩဇာ)များကို လုံးခင်း‌ကျေးရွာအုပ်စုရှိ ယမ်းချက်စက်ရုံသို့ သယ်ယူသွားပြီး ပြန်လည်ရောင်းချပေးနေကြောင်း အခြားကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောသည်။

“ဝယ်ချင်တာတောင် ချိတ်ရှိမှ သိမ်းခံလိုက်ရတာတော်တော်များတယ်။ ကုမ္ပဏီတိုင်းလိုလို ရှိနေတော့ သူတို့အတွက်အကိုက်ပဲ ပြီးရင်သူတို့ဆီကလျော့စျေးနဲ့ပြန်ဝယ်ပေါ့ ဒါပါပဲ” ဟုသူကပြောသည်။

၂၀၂၂ ခုနှစ်က ယမ်း(ပုလဲဓာတ်မြေဩဇာ)တစ်တန်လျှင် ငွေကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၃၀၀ အထိမြင့်တက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုဖမ်းဆီးထားသည့် ယမ်း(ပုလဲဓာတ်မြေဩဇာ) များကို တစ်တန်လျှင် ငွေကျပ်သိန်း ၁၅၀ ခန့်ဖြင့် ပြန်လည်ရောင်းချပေးနေကြောင်း ကုမ္ပဏီဝန်းထမ်များထံက သိရသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင်ရှာဖွေနေသည်မှာ သိသာနေကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။

“ဒါကရှင်းရှင်းလေးပါ ငွေရှာနေတယ်ဆိုတာသိသာပါတယ်။ သူတို့တော်တော်ကိုက်ထားပုံရတယ်” ဟုပြောသည်။

ဖားကန့်မြို့ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၂၀၂၃ ခုနစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ကာ လုပ်ကွက်များရပ်နားခိုင်းထားကြောင်း သိရှိရပါသည်။

သတင်း – SK

ဓါတ်ပုံ – Hkun Latt

သင့်ထင်မြင်ချက်ရေးပေးပါ