ဝိုင်းမော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနီး မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများ ပိုမိုများပြားလာပြီး အာဏာပိုင်များကအရေးယူမှုမရှိသောကြောင့် ဒေသခံများအနေဖြင့် မလုံမခြုံခံစားနေရကြောင်း သိရသည်။
ကျောင်းနှင့်မီးသတ်ရုံးရှိရာ လမ်းကြားတွင် တစ်ရက်လျင် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ အယောက် ၃၀ ခန့် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေကြပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တော်တော်များများတွေ့တယ် အဲ့ကနေဖြတ်သွားတယ်ဆိုရင် အဲ့နားတစ်ဝိုက်မှာကိုက အပ်တန်းလန်းနဲ့ပဲ မြင်လို့တောင် မကောင်းဘူး။ အဲနားက ဖြတ်ရင်တောင် ရင်တထိတ်ထိတ်ပေါ့နော် ဘယ်အချိန် ဆိုင်ကယ်များလာဆွဲလဲ ပိုက်ဆံအိတ်များလာလုမလဲပေါ့နော်။ အဲ့နားဖြတ်ရင်ကိုကြောက်နေရတယ်” ဟုသူကပြောသည်။

မူးယစ်ဆေးရောင်းချသူများနှင့် သုံးစွဲသူများမှာ နေ့အချိန်တွင်သာမက ညအချိန်တွင်လည်း လာရောက်သုံးစွဲနေကြပြီး သုံးစွဲသူထက် ရောင်းချသူများကို အမြန်ဆုံးဖမ်းဆီးစေလိုကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“နေ့ရော ညရောအမြဲရှိတယ် မိန်းကလေတွေအဲ့ဘက်ဖြတ်မိရင် လုံးဝမလုံခြုံဘူးလေ ကြောက်ကြောက်နဲ့ ဖြတ်နေရတာ။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းတာထက်စာရင် ရောင်းဝယ်တဲ့သူတွေကို ဖမ်းတာ ပိုကောင်းတယ် သုံးတဲ့သူတွေကို ဖမ်းနေရင်က မထူးဘူးလေနော့။ တကယ့်အကြီးကြီးရောင်းတဲ့သူတွေကို မဖမ်းဘဲ” ဟုသူကပြောသည်။

အထက်တန်းကျောင်းနှင့် မီးသတ်ရုံးလမ်းကြားတွင် ဆေးရောင်းချနေသူများမှာ ဖမ်းဆီးထိန်းသိမ်းမည့်သူ မရှိသဖြင့် ပေါ်ပေါ်တင်တင်ရောင်းဝယ်နေကြခြင်းဖြစ်ကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ကိုယ်ဖြတ်သွားရင်တောင်မှာ အစ်ကိုဘာလိုတာလဲ မေးခံရတာရှိတယ်။ သူတို့က ဝယ်လက်လာပြီဆိုရင် သူတို့က ဝယ်ပေးတယ်။ အဲ့လိုမျိုးစုပြီးတစ်လမ်းလုံး အာ့မျိုးစုပြီးနေနေကြတာဘဲ။ အဲ့နားက လက်ကြီးတော့မဟုတ်ဘူး။ သူတို့ကနေတစ်ဆင့် ပြောမယ်ဆိုရင် ကော်မရှင်ရတာနဲ့ နည်းနည်းရတာနဲ့သုံးဖို့အတွက် ပွဲစားသဘောပေါ့ကွာ ဝယ်ပေးတာပေါ့” ဟုသူကပြောသည်။

စစ်အာဏာမသိမ်းမှီက အရပ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာများစုပေါင်းကာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသော်လည်း ယခုကာလတွင် လာရောက်ဖြေရှင်းပေးမည်ကိုမျှ မမျှော်လင့်ကြောင်း သူကဆက်ပြောသည်။

“အများကြီးတောင်းဆိုခဲ့ပြီးပြီ အရင်ကတည်းက အရပ်ဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ခဏခဏ လုပ်တယ်။ ဘာမှငြိမ်သွားတာမရှိဘူးပေါ့ကွာ။ ခုကအစိုးရမရှိတဲ့တိုင်းပြည်မှာ သွားပြီးတောင်းဆိုရင်လည်း သိပ်ပြီး သက်ရောက်မှုမရှိဘူးလို့ပဲ မြင်တာပေါ့ကွာ။ ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင်ခတ်ပေါ့ အဲ့လိုပဲပြောနိုင်တယ် အားကိုးရာမဲ့ဖြစ်နေတာပေါ့။” ဟုပြောသည်။

ဝိုင်းမော်မြို့ရှိ အချို့နေရာများတွင် မှုးယစ်ဆေးဝါးသုံးစွဲသူများပြားသော်လည်း အ.ထ.က (၁) ကျောင်း ဝိုင်းမော်မြို့မီးသတ်ရုံးနှင့် မြို့နယ်ပညာရေးရုံး၊ မြို့နယ်စည်ပင်သာယာရုံးစသည့် နေရာများတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အများဆုံးဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်သာမက နိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပိုမိုများပြားလာသည့်အပြင် စစ်ကောင်စီလက်ထက်တွင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများကို အများဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးနေကြောင်း သတင်းများအရသိရသည်။

Photo Credit

သင့်ထင်မြင်ချက်ရေးပေးပါ