စစ်ကိုင်းမြို့ နီလာရပ်ကွက် စစ်ကိုင်း – ရွှေဘို အမှတ် (၃) ခရိုင်ချင်းဆက်ကားလမ်းတွင် ယမန်နေ့ ညနေ ၃ နာရီခန့်က အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံထားရပြီး အနီးတွင် အသက် ၂နှစ်အရွယ်ကလေးငယ်တစ်ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦး သေဆုံးနေသည့် သတင်းပေးပို့လာသဖြင့် သွားရောက်ချိန်တွင် ဦးခေါင်းတွင် သေနတ်ထိမှန်ကာ သေဆုံးနေသော အမျိုးသမီးနှစ်ဦးနှင့် ကလေးသူငယ်တစ်ဦးကိုတွေ့ရှိခဲ့ကြောင်း မြင့်မြတ်သူကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သတင်းကြားပြီး အလောင်းသွားကောက်တော့ သေနေတာတွေ့ရတယ်။ ကလေးတစ်ယောက်ကိုလည်း ကျွန်တော်တို့ခေါ်ထားတယ်ပေါ့နော်။ အဲ့အမျိုးသမီးတွေ အိတ်ထဲကနေ ခွက်တွေတွေ့တယ်။ ပြောကြတာတော့ ရွာကနေ ပိုက်ဆံတောင်းပြီး အပြန်လမ်း လူရှင်းတဲ့နေရာမှာ ပစ်သတ်ခံခဲ့ရတာတဲ့။ ကြည့်ရတာတော့ ဒီကလူတွေ မဟုတ်လောက်ဘူ။ ခုထိဘယ်သူတွေ ဘယ်ကလူတွေဆိုတာ မသိရဘူး” ဟုပြောသည်။

သတ်ဖြတ်ခံထားရသော အသက် ၃၀ ကျော်ခန့်အရွယ်ခန့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို စစ်ကိုင်း ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ ‌ပို့ဆောင်ခဲ့ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မြင့်မြတ်သူ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ စောင့်‌ရှောက်ထားကြောင်းသိရသည်။

သေဆုံးသွား‌သော အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တို့၏ နာမည်၊ နေရပ်လိပ်စာနှင့် မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကိုမူ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကျေးရွာတွင်လည်း လွန်ခဲ့သော စက်တင်ဘာလ ၃ ရက်နေ့က ပစ်သတ်ခံထားရသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *