ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က အမျိုးသားတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူသည် ညာဘက်နံရိုးတွင် ထိုးသွင်းဒဏ်ရာဖြင့် ဆေးခန်းတစ်ခုသို့ ရောက်ရှိလာသော်လည်း သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးခန်းရှေ့ထိကတော့ သူတစ်ယောက်တည်းလာခဲ့တယ် ဘယ်သူတွေထိုးသွားလဲတော့ မသိဘူး။ နောက်ကထိုးလိုက်တာထင်တယ် ဓားထိုးခံရပြီး အဲ့ဆေးခန်းမရောက်ခင် သူမခံနိုင်တော့ဘူးနေမှာ သွေးတွေတအားထွက်လွန်ပြီး‌ ဆေးခန်းရှေ့မှာ သေသွားတာ။ သူတော်တော်လေးကြိုးစားပြီးလာခဲ့တာနေမှာ” ဟုသူကပြောသည်။

အသက် ၄၀ နှစ်ခန့်အရွယ်ရှိ သေဆုံးသူအမျိုးသားကို လူမှုကယ်ဆယ်ရေးအသင်းက ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၃၉ ခုရှိပြီး လူဦးရေ တစ်သိန်းကျော်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ