မြောင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူလေးထောင်အတွက် အစားအသောက်နှင့် နေရာထိုင်ခင်းအကူအညီများ လိုအပ်နေကြောင်း သိရသည်။

မိုးတွင်းကာလဖြစ်သောကြောင့် အမိုးအကာနှင့် နေရာထိုင်ခင်းများ အဓိကလိုအပ်နေဆဲဖြစ်ပြီး အစားအသောက်အတွက် ကုန်ကျစာရိတ်သက်သာစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ငါးဖမ်းကာဖြေရှင်းနေရသည်ဟု CDSOM မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့က နွားလှည်းတွေနဲ့ တောထဲမှာနေကြတာ။ မိုးကရွာ ရေကလည်းတက်လာတော့ သူတို့တွေ တော်တော်ဒုက္ခရောက်နေကြတယ်။ ရွာတွေဘက်ပြေးလာသူတွေကို ကျနော်တို့ အလှူခံပြီး စားသောက်ဖို့ လုပ်ပေးနေကြပါတယ်” ဟုပြောသည်။

စစ်ဘေးတိမ်းရှောင်လာများမှာ မြောင်မြို့နယ်မှ ဒေသခံပြည်သူများအပြင် ချောင်းဦးမြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူများပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ရှောင်ပြည်သူများ၏ ဆေးဝါးလိုအပ်မှုများကို နွေဦးရောင်နီဆေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေသော်လည်း သွားလာရခက်ခဲသည့် အချို့နေရာများတွင် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

“နွေဦးရောင်နီဆေးအဖွဲ့နဲ့လည်း ကျန်းမာရေးစစ်ဆေးမှုတွေလိုက်လုပ်ပေးနေပါတယ်။ တစ်ချို့နေရာတွေက သွားလာရခက်ခဲလို့မရောက်နိုင်သေးဘူး။ မိုးကလည်းရွာနေတော့ ကုန်းလမ်းလည်းမရ ရေလမ်းလည်း မရဖြစ်နေလို့ပါ” ဟုပြောသည်။

စစ်ကောင်စီတပ်က စက်တင်ဘာလဆန်းမှ စတင်ကာ မြောင်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီး ကျေးရွာအတွင်း နေအိမ်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြောင်မြို့နယ် ရေလည်ကျွန်းဒေသရှိ မြေတော်ကျေးရွာ၊ မီးလောင်ကျွန်းကျေးရွာ၊ ဆည်သည့်ကျေးရွာ၊ မိဖုရားကျေးရွာ၊ ချင်းယားကျေးရွာ၊ ကျွန်းညိုကျေးရွာ၊ ကျောက်ဖူးကျေးရွာ၊ မြုံဖူးကျေးရွာနှင့် ဘူးကိုင်းကျေးရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်လက်နက်နှင့် ရိက္ခာပို့သည့် စက်လှေလေးစီးကို CDSOM နှင့်အတူ မဟာမိတ် ၂၇ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၈ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်ကြောင်း သိရသည်။

 

 

သင့်ထင်မြင်ချက်ရေးပေးပါ