မြစ်ကြီးနားမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံး ယနေ့နံနက်က ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦး သေနတ်ကျည်ဆံ ထိမှန်ခဲ့ကြောင်းသိရသည်။

ယဉ်ကျေးမှုပြတိုက်နှင့် တင်းနစ်ကွင်းထောင့်ရှိ မီးပွိုင့်တွင် ဆိုင်းကယ်မောင်းနင်လာသည့် အသက် ၄၀ နှစ်အရွယ်အမျိုးသားတစ်ဦး ကျည်ဆံနှစ်ချက်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“နောက်ကျော ချိုင်းအောက်ကို ကျည်နှစ်ချက်ဝင်သွားတယ်။ ကျည်ထိလို့ အဆုတ်ကတော့ တစ်ခြမ်း ပဲ့သွားတယ်။ ဗုံးပေါက်ပြီးတဲ့နောက်မှာ စစ်သားတွေရမ်းပစ်တဲ့ခါမှာထိသွားတာ။ ဗုံးကပေါက်ပြီးလို့ ပစ်တဲ့သူကပြေးသွားပြီ သူတို့က ရမ်းသမ်းမှန်းတမ်းလျှောက်ပစ်တာ” ဟုပြောသည်။

သေနတ်ကျည်ထိမှန်ခဲ့သူသည် လက်ရှိ မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သူကဆက်ပြောသည်။

ယနေ့နံနက် ပစ်ခတ်မှုမှာ သီတာရပ်ကွက်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံးကို ၄၀ မမ ဗုံးသီးဖြင့် KPDF တပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသူများကို စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်ကွဲမှုများဖြစ်လေ့ရှိပြီး စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှုများလည်း မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ