ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်၏ ရာအိမ်မှူးဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့နံနက် လေးနာရီခွဲခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။
မိုးကောင်းဘူတာရုံအနီး စိုးကံသာတည်းခိုခန်းနှင့် စားသောက်ဆိုင်ပိုင်ရှင် ရာအိမ်မှူး ဦးမောင်စိုးမှာ နံနက်ပိုင်း ဆိုင်ဖွင့်ရန်ပြင်နေစဉ် သေနတ်ဖြင့် ၆ ချက်ခန့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မိုးကောင်းဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စျေးကုန်းရပ်ကွက်ရဲ့အုပ်ချုပ်ရေးပိုင်း ကိုင်ထားတာပေါ့။ သူကပဲလုပ်နေတာပေါ့။ သူတို့အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမကောင်းတဲ့အတွက်။ တခြားရပ်ကွက်တွေမှာ သွားတာ၊ လာတာ၊ လုပ်တာ၊ ကိုင်တာ ရဲကိုတိုင်တာတို့ဆိုရင်လည်း သူပဲလုပ်တယ်။ စရဖတွေနဲ့လည်း အတူသွားလာတာတွေရှိတယ်”ဟုပြောသည်။

သေဆုံးသွားသော အသက် ၅၀ အရွယ်ခန့် ရာအိမ်မှူး ဦးမောင်စိုးကို စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့်ပြုထားကြောင်းသူကပြောသည်။

ပစ်ခတ်သည့်ဖြစ်စဉ်ကို မိုးကောင်း မြို့ပြပြောက်ကျားအဖွဲ့ (UG black K)အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သည့် စစ်ကောင်စီ သတင်းပေးဟုဆိုသူမှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ