ပြည်သူ့ကာကွယ်ရေးတပ်သား (PDF) ယောင်ဆောင်ပြီး ဆိုင်ကယ်နှင့်မိုဘိုင်းဖုန်းများ လုယက်သွားခဲ့သည့် စစ်ကောင်စီတပ်ပြေးသုံးဦးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် နားရခေါင်ရွာမှ ဒေသခံတစ်ဦး၏ ဖုန်းနှင့်ဆိုင်ကယ်အား လုယက်သွားခဲ့သော တပ်ပြေးသုံးဦးကို ထီးချိုင့် – ကျောင်းကုန်းလမ်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထီးချိုင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ဆေးရေးဂိတ်မှာ စစ်နေရင်းနဲ့ မိလိုက်တာ။ CDM ဝင်မှာဆိုတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်မှာ” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးမှာ နဘားကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲခဲ့သည့် ကသာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၀၁) တပ်မှ စစ်ကောင်စီတပ်သားများဖြစ်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပုဆိုးတွေခြုံပြီး သူတို့ကိုယ်သူတို့ PDF ပါဆိုပြီး ဓားပြတိုက်တဲ့ ပုံစံနဲ့ယူသွားတာ။ ငှားသွားတာမဟုတ်ဘူး ယူသွားတာ။ သူတို့က ထွက်ပြေးချင်တာကို ဆိုင်ကယ်လည်းမရှိ၊ ပိုက်ဆံလည်းမရှိဆိုတော့ လုပ်မိလုပ်ရာလုပ်သွားတာ။ ကြံမိကြံရာလုပ်သွားတာနေမှာ” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးမှာ တပ်သားအဆင့်ရှိသူများဖြစ်ပြီး ပဲခူးတိုင်း သာယာဝတီမြို့နယ်မှ ဦးအောင်သင်း၊ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှ ဦးမင်းဌေးလှိုင်နှင့် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ ဦးမြင့်ဇော်ဦးတို့ဖြစ်သည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများအား ဒေသခံထံပြန်လည်အပ်မည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား အထက်ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလိုက်ပါလာခဲ့သည့် ခမရ (၃၀၁) စစ်ကောင်စီတပ်မှာလည်း အင်းတော်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသောကြောင့် စစ်ရေးအခြေအနေ တင်းမာနေကြောင်း သိရသည်။

ပုံ/ ၂၀၁၉ ခုနစ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ကချင်ပြည်နယ် နန်ဆန်ယန်ကျေးရွာတွင်တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ