ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ယနေ့ နံနက် ၁၁ ခွဲခန့်မှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ တတိယမြောက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

လွိုင်ကော်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၅၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့ရော တိုက်ပွဲဖြစ်နေသေးတာ။ အခုထိ ချနေတုန်း။ လွိုင်ကော်ဘက်ကလဲ ပစ်တယ်ဗျာ။ ဒီနေ့က လေယာဉ်နဲ့တော့ မတွေ့မိသေးပါဘူး။လက်နက်ကြီးသံတွေ့တော့ ကြားပါတယ်ခင်ဗျာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ ယမန်နေ့ နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု Mobye People Defense Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

“မနေ့ဒုတိယအကြိမ် တိုက်ပွဲလည်းဖြစ်တယ်။ ပထမနေ့ကတိုက်ပွဲပြီးတော့ သူတို့ အင်အားလည်း ထပ်ဖြည့်လာတဲ့သဘောရှိတယ်။ အဲ့မှာ ကျွန်တော်တို့က ကြားဖြတ်တိုက်ခဲ့တာပေါ့။ သူတို့ဘက်က အသေအပျောက်များသလို ကျွန်တော်တို့ဘက်ကလဲ ထိခိုက်တာတော့ရှိပါတယ်” ဟု သူကပြောသည်။

လက်ရှိတိုက်ပွဲတွင် Mobye People Defense Force၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၃) တပ်ရင်း (၁၁)၊ ကရင်နီတပ်မတော် (KA)၊ ဖယ်ခုံ PDF နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်နေသည်။

လွန်ခဲ့သော သုံးရက် (စက်တင်ဘာလ ၈ ရက်နေ့)က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၈ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့‌သည်ဟု စစ်ရှောင်အရေးလှုပ်ရှားသူ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကလေးအဖေက အပြင်ခဏထွက်ကြည့်တော့ အနီးနားက စစ်ကောင်စီတပ်က သူ့ကိုမြင်ပြီး ‌ပစ်လိုက်တဲ့အချိန် သူ့ကလေးကို ထိသွားပြီးတော့ လက်‌ပြတ်ပြီး သေသွားတယ်။ သူ့အဖေကတော့ မစိုးရိမ်ရဘူးလို့ပြောရမယ်။ သူကျွန်မတို့ကို စကားပြောနိုင်တယ်၊ နည်းနည်းပါးပါးလှုပ်ရှားနိုင်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ယမန်နေ့က စစ်ကောင်စီတပ်မှ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ လက်နက်ကြီးများဖြင့် စုစုပေါင်း ၁၅၀ ကျော်ခန့် ပစ်ခတ်ခဲ့သည်အပြင် မွန်းလွှဲ ၃ နာရီခန့်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပထမနေ့ (စက်တင်ဘာလ ၈ ရက်နေ့ )က ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ ဒုတိယနေ့တွင် ၁၅ ဦးခန့်သေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *