မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲသံနှစ်ချက်နှင့် သေနတ်သံများထွက်ပေါ်ခဲ့ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် တင်းနစ်ကွင်းအနီးတွင် ပေါက်ကွဲသံများ ကြားခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်သံ အရင်မြည်လာတာ ပြီးတော့ ဗုံး။ ငါကအရှေ့ဘက်က မြည်တယ်ထင်ပြီးအရှေ့ဘက်ပြေးတာ။ အဘွားကြီးတစ်ယောက်က သွေးတွေနဲ့လဲနေတာတွေ့တယ်။ စစ်ဖြစ်နေသလိုပဲ” ဟုပြောသည်။

ဗုံးသံနှစ်ချက်နှင့် သေနတ်ပစ်ခတ်သံ ၁၀ ချက်ထက်မနည်းကြားခဲ့ရခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“အဲ့နားလေးကဖြတ်သွားတော့။ သေနတ်သံ ၁၀ ချက်မကဘူး။ ဒုန်းဆိုပြီး ဗုံးသံရော နှစ်ချက်ကြားရတယ်။ ခုလေးတင်ဖြစ်သွားတာ” ဟုပြောသည်။

ဒဏ်ရာရရှိသူမည်မျှရှိသည်နှင့် မည်သူမည်ဝါဒဏ်ရာရရှိခဲ့သည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်ကွဲမှုများဖြစ်လေ့ရှိပြီး စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှုများလည်း မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ