တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်စခန်းရှိရာအနီး ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ကေအိုင်အေ တပ်ရင်း ၉ ရှိရာအနီး တိုက်လေယာဉ်ဖြင့် လေးကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ)က လာပစ်လိုက်နားလိုက်နဲ့ နာရီဝက်လောက်ကြာရင် ပြန်ရောက်လာတယ်။ ပထမက တစ်စီးပဲ လေးခါလာပစ်တယ်။ ဒုတိယ၊ တတိယ၊ စတုတ္ထက နှစ်ခု နှစ်ခု တွဲပြီးလာလာပစ်တယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်။” ဟုပြောသည်။

အဆိုပါနေရာအနီး ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု ကချင်ဒေသအခြေစိုက် သတင်းဌာနအချို့တွင် ရေးသားဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကောင်ဆတ်တောင်အနီးတွင် စက်တင်ဘာလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၃၉ ခုရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ