အရာတော်မြို့နယ် ကမ်းဖြူရွာမကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်း ယမန်နေ့ ည ၅ နာရီခန့်က တိုက်ခိုက်ခံရသောကြောင့် ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်အား ၅၀ ခန့်ဖြင့် ကမ်း‌ဖြူရွာမကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးကြဲကာနှင့် ၄၀ မမ ဗုံးသီးတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Danger Force LPDF မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကမ်းဖြူရွာမ အရှေ့ရွာဦးကျောင်းမှာ တပ်စွဲတယ်လို့ သတင်းရလို့ ကျွန်တော်တို့ ညီနောင်မဟာမိတ်အဖွဲ့တွေ သွားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ မြေပြင်ကနေပြီးတော့လဲ ၄၀ မမ တွေနဲ့ပစ်ခဲ့တာပါ” ဟုပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Danger Force LPDF၊ ZERO ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊ Zero Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း) နှင့် Eagle Local PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခြင်းရှိ၊ မရှိကိုမူ The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မုံရွာ – အရာတော် လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို စက်တင်ဘာလ ၅ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ