စစ်ကောင်စီစစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့ခဲ့သောကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသော အရာတော်မြို့နယ်အတွင်းရှိ ကဲဘာကျေးရွာမှ ဒေသခံပြည်သူနှစ်ထောင်ခန့်သည် စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ကြောင့် ကဲဘာဒေသခံပြည်သူနှစ်ထောင်ခန့်သည် တကွဲတပြားဖြင့် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း တိမ်းပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက The 74 media ကိုပြောသည်။

“တချို့ကျတော့ သူတို့မိတ်ဆွေအိမ်ကို သွားကြတယ်။ တချို့ကြတော့ လေးငါးယောက်တစ်စု အဲ့လို့ တကွဲတပြားဆီ ပြေးရတယ်။ ကျွန်တော်တို့က အခုအယောက် ၃၀ လောက်ရှိတယ်။ ရွာက မီးရှို့ခံရတယ်ဆိုတော့ စားစရာသောက်စရာ ခက်ခဲတယ်။ မီးကလည်းမရှိဘူး။ ဖုန်းအားသွားဖို့ မီးမရှိတော့ အဆက်အသွယ်လုပ်ဖို့ အဆင်မပြေဘူး”ဟုပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများတွင် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသောသူများပါဝင်သော်လည်း ဆေးဝါးမရှိသောကြောင့် အခက်အခဲဖြစ်နေကြောင်း သူကပြောသည်။

ထောင်ချီသည့် ကဲဘာဒေသခံပြည်သူများသည် နေရပ်သို့ ပြန်ချင်သော်လည်း နေစရာအိမ်မရှိတော့သည့်အတွက် တောထဲတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း နောက်ထပ် ဒေသခံပြည်သူတစ်ဦးက The 74 media ကိုပြောသည်။

“ရွာသူရွာသားတွေ အိမ်ပြန်ချင်ပေမယ့် ပြန်စရာအိမ်မရှိတော့ဘူးလေး။ ကျွန်တော်တို့အိမ်တွေ မီးထဲ ပါသွားပြီ။ ပြန်စရာအိမ်မရှိတော့ဘူး။တချို့ကြလည်း ကြောက်တော့ မပြန်ရဲကြဘူး။ ရွာအနားကိုတောင် မကပ်ရဲကြဘူး။ တောထဲမှာပဲ ဒုက္ခမျိုးစုံနဲ့ ရှောင်တိမ်းနေကြတယ်။ ပုန်းအောင်းနေကြတာပေါ့”ဟုပြောသည်။

ကဲဘာကျေးရွာအနီးရှိ သလဲဘာရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့ တပ်စွဲထားသောကြောင့် ၎င်းတို့ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်တိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်နေကြောင်း သူကပြောသည်။

စစ်ကောင်စီစစ်ကြောင်းနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ နံနက်ပိုင်းက ကဲဘာကျေးရွာကို လက်နက်ကြီးပစ်ခတ်ခဲ့သည့်အပြင် မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံးပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ကဲဘာကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ခန့်နေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။

ပုံ/ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီက မီးရှို့ခဲ့သော ကဲဘာကျေးရွာ။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ