စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းအပြင် နည်းမျိုးစုံဖြင့်သတ်ဖြတ်နေသည့် စစ်အာဏာသိမ်းခေါင်းဆောင်က ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

နေပြည်တော်တွင် ယမန်နေ့ကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁) တွင် တက်ရောက်စဉ် အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

“ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်ပြီး လူထုကို အကြောက်တရားဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် ပြည်သူကိုခြိမ်းခြောက်၍ အကြောင်းတရားဖြစ်အောင်ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိကြောင်း” ဖော်ပြထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၁၀ လအတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ ၁၃၀၀ ကျော်ရှိပြီး သတ်ဖြတ်ခံရသူများတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်မပြည့်သည့် ကလေးသူငယ်များနှင့် အပြစ်မဲ့ သက်ကြီးရွယ်အိုများပါဝင်သည်။

ယခုလ ၅ ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့် ဝင်တိုက်ခဲ့ခြင်း၊ ၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ဒုံးတောရွာတွင် ပြည်သူ ၁၁ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ခြင်းအပါအဝင် ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည်။

Photo Credit to rightful owner/s

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ