ကန်ပိုင်တီ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု သတင်းထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ဖွင့်လှစ်ခြင်းမရှိသေးသဖြင့် တရုတ်ပြည်တင်ပို့မည့် တစ်သျှူးငှက်ပျောများ အမှည့်လွန်ကုန်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်မည်ဟုသတင်းကြားသည့်အတွက် စောင့်ဆိုင်းနေရသော တစ်သျှူးငှက်ပျောကားများစွာရှိပြီး စောင့်ဆိုင်းရက် ကြာလာသည့်အတွက် ငှက်ပျောသီးများ အမှည့်လွန်ကုန်ကြောင်း ဝိုင်းမော်မြို့တစ်သျှူးငှက်ပျောခြံမှ ယာဉ်မောင်းသမားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်ရှိ စောင့်နေရတဲ့ ကျွန်တော့်ကားအပါအဝင် အခုဆို ၁၂ ညအိပ် ၁၃ ရက် ရှိသွားပြီ။ လက်ရှိ လမ်းခုလတ်မှာ စောင့်နေတဲ့ကားက အစီး ၄၀ လောက်ရှိတယ်။ ကားပေါ်က ငါးဖာလောက်မှာ လေးဖာလောက်က အမှည့်လွန်တာတို့ဖြစ်သွားပြီ တစ်ဖာလောက်ဘဲ သုံးလို့ရတယ်”ဟုပြောသည်။

တစ်သျှူးငှက်ပျောတင်ဆောင်ထားသည့် ကုန်ကားများသည် ကန်ပိုက်တီဂိတ်အနီး နှင့် ဝိုင်းမော်-ကန်ပိုင်တီလမ်းမပေါ်ရှိ ဝေမိုးရွာတို့တွင် စောင့်ဆိုင်းလျက်ရှိကြောင်းလည်းသူက ပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်ဖွင့်လှစ်ရန်အတွက် တရုတ်နိုင်ငံဘက်မှ တရားဝင်ပြောလာခြင်းမရှိသေးသဖြင့် ဖြတ်သန်းသွားလာခွင့်မရသေးကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“(တရုတ်ပြည်)ဟိုဘက်ကနေတော့ ဖွင့်ပြီလို့တော့မပြောသေးဘူး စောင့်နေတုန်းဘဲရှိသေးတယ်။ တာလောကြီးဘက်ကတောင် ခုတ်ထားပြီးမှ ပါကင်လုပ်ထားတာ တစ်ပတ်လောက်ရှိနေပြီ။ ထုပ်ပိုးထားပြီး ဖြစ်ပါတယ်။တရုတ်ဘက်ကတော့ နှုတ်နဲ့တော့ ထွက်ခဲ့တော့၊ လာခဲ့တော့လို့တော့ပြောတာပေါ့” ဟုပြောသည်။

ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ပါက တစ်သျှူးငှက်ပျောကားအား ပထမတစ်ရက်တွင် ကားအစီးရေ သုံးဆယ်ခန့် ဝင်ခွင့်ပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်သျှူးငှက်ပျောကားဝင်ခွင့်ကို တိုးမြှင့်သွားမည် ဖြစ်ကြောင်းသူကပြောသည်။

ဂိတ်ပြန်လည်ဖွင့်လှစ်ပါက တစ်သျှူးငှက်ပျော တင်ဆောင်သည့် ကုန်ကားများကို ဦးစွာ ဖြတ်သန်းခိုင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြောင်းနှင့် ဖရဲသီးကုန်ကားများကိုပါ ဖြတ်သန်းခိုင်းမည်ဖြစ်ကြောင်းသူကဆက်ပြောသည်။

ကန်ပိုင်တီနယ်စပ်ဂိတ်ကို လာမည့် ဇန်နဝါရီလ ဒုတိယအပတ် နှင့် တတိယအပတ်မှသာ ဖွင့်လှစ်မည်ဟု တစ်သျှူးငှက်ပျောယာဉ်မောင်းများက ပြောဆိုနေကြသည်။

ကချင်ပြည်နယ်၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ ကိုဗစ်ကာကွယ်ရေးအတွက် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ