စစ်ကောင်စီတပ်ကို လမ်းပြပြုလုပ်ခဲ့သည့် ဒလန်သားအဖနှစ်ဦး ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်က ချောင်းဆုံတောင်ရွာအနီးတွင် သေနတ်ဖြင့် ပစ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခံရသူနှစ်ဦးမှ ဖခင်ဖြစ်သူ အသက် ၆၀ အရွယ် ဦးသိန်းလွင်သည် အခင်းဖြစ်ပွားသောနေရာတွင် သေဆုံးသွားပြီး သားဖြစ်သူ အသက် ၂၅ နှစ် အရွယ် ကိုဖိုးဆိတ်မှာ ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဦးသိန်းလွင်က ခန္ဓာကိုယ် အနှံ့ပဲ ၅ချက်ထိပြီး သေပြီ သူ့သားက ဒဏ်ရာပြင်းထန်လို့ မန္တလေးဆေးရုံပို့လိုက်ပြီ။” ဟု သူကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ နှစ်ဦးသည် လိပ်ခြံကျေးရွာ၊ ကာပေါင်းကျကျေးရွာ၊ ချောင်းဆုံရွာနှင့် ရွာရှည်ရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် မွှေနှောက် တပ်စွဲချိန် လမ်းပြလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“လိပ်ခြံနဲ့ ကပေါင်းကျကို ဖျက်ဆီးရာမှာပါတဲ့ အဓိက တရားခံတွေ။ စကစတွေ ကာပေါင်းကျကနေ လိပ်ခြံကိုသွားတော့ သူတို့ကလမ်းပြလို့ရောက်လာတာ။ ဟိုနေ့ကလည်းသူတို့ခေါ်လို့ ချောင်းဆုံနဲ့ ရွာရှည်ကိုမွှေတာ။” ဟုပြောသည်။

တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရပြီး ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးသည်မှာ ၁၀ ကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်။

ပုံ – ပစ်ခတ်ခံရပြီ အပြင်းအထန်ဒဏ်ရာရရှိသွားသည့် ကိုဖိုးဆိတ်

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ