အင်တာနက်လိုင်း နှစ်လကျော်ဖြတ်တောက်ခံခဲ့ရသည့် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် လွန်ခဲ့သော အောက်တိုဘာ ၂၃ ရက်နေ့မှစတင်ပြီး မိုင်တဲဖုန်းလိုင်းဖြင့် အင်တာနက်ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကာမိုင်းမြို့နှင့် ခြောက်မိုင်ပတ်လည်တွင် အင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း မိုင်တဲလိုင်းဖြစ်သောကြောင့် အသုံးမပြုသူများလည်း ရှိကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မြို့ရဲ့ ဟိုဘက်ရော ဒီဘက်ရော နောက်ထပ်ခြောက်မိုင်ဝေးတဲ့နေရာတွေအထိ အကုန်ရပြီ။ တခြားဖုန်းလိုင်းတွေရဲ့ အင်တာနက်ကတော့ မရသေးဘူး။ တချို့က မိုင်တဲလိုင်းမို့လို့ကို တမင်မသုံးကြတဲ့ သူတွေလည်း ရှိတာပေါ့။” ဟု သူကပြောသည်။

မိုင်တဲ မိုဘိုင်းလ်အင်တာနက်လိုင်းကို ဖားကန့်တစ်မြို့နယ်လုံးတွင် အသုံးပြု၍ မရသေးသော်လည်း ကာမိုင်းမြို့၊ ကောင်ရာ၊ ကထန်ယန်၊ နန့်စီအင်၊ ဂေါ်ရီ၊ မအူပင်၊ လဝါး၊ လွယ်စိန်၊ ထွယ်ဆန်ယန်နှင့် မန်ဒုံ ကျေးရွာတို့တွင် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အင်တာနက်လိုင်း ဖြတ်တောက်ခံခဲ့ရသောကြောင့် အွန်လိုင်းသင်တန်း တက်ရောက်သည့် လူငယ်များနှင့် ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများအတွက် အဆင်မပြေမှုများ၊ နှောင့်နှေးကြန့်ကြာမှုများ ကြုံခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ်သည် ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်မှာ ရက်ပေါင်း (၇၁) ကြာမြှင့်လာပြီဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ