နောင်မွန်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ စစ်ကောင်စီ၏ ကိုဗစ်စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရပြီး ပြာကျသွားပြီကြောင်း သိရသည်။

ဂိတ်မီးရှို့ဖျက်ဆီးခံရခြင်းသည် စစ်ကောင်စီကို မကြိုက်သဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော့အထင်တော့ ရောဂါစစ်ဆေးတဲ့အခါမှာ ထိထိရောက်ရောက် စစ်ဆေးမှုလည်းမရှိဘဲနဲ့ တာဝန်ကျေ စစ်ဆေးသလိုဖြစ်နေတော့ လူတွေသဘောမကျလို့မီးရှို့ပေးလိုက်တာလားပေါ့။ စစ်ကောင်စီကိုမကြိုက်လို့လည်း တစ်ခုခုဖြစ်လိမ့်မယ်။ အခု အစအနတောင်မရှိဘူး ပြာဘဲရှိတယ်။” ဟုသူကပြောသည်။

ထိုစစ်ဆေးရေးဂိတ်တွင် နောင်မွန်မြို့သို့ ဝင်လာသူများကို ကိုဗစ်ပိုး စစ်ဆေခြင်း၊ ပိုးတွေ့သူများကို ကွာရန်တင်းစင်တာသို့ ပို့ဆောင်ခြင်း၊ နောင်မွန်မြို့မှ အခြားသို့ သွားသူများကို ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်နှင့် ရပ်ကွက်ထောက်ခံစာ စစ်ဆေးခြင်းများပြုလုပ်ကြောင်း သူကဆက်ပြောသည်။

နောက်မွန်စစ်ဆေးရေးဂိတ်သည် မိုးကာဖြင့်မိုး၍ ဝါးဖြင့်ဆောက်လုပ်ထားသော ယာယီတဲဖြစ်ပြီး စစ်ကောင်စီနှင့် မြို့မှ တာဝန်ရှိသူများက အလှည့်ကျစနစ်ဖြင့် လာရောက်စစ်ဆေးကြကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့သူပေါင်း ၄၀၀ ကျော်မှ ၃၀ ဦးသည် ကိုဗစ်စင်တာတွင် ဆေးကုသမှုခံယူနေပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

နောင်မွန်မြို့သည် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ (၇၈၅၄) နေထိုင်ကာ အများစုမှာ တောင်ယာအလုပ်ကိုသာ အဓိကလုပ်ကိုင်ကြသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ